စံချိန်တင် မူးယစ်ဖမ်းဆီးမှု ၀ ဘက်ကလာတယ်လို့ ထိုင်းရဲပြော

၀ တပ်ဖွဲ့, မူးယစ်ဆေးဝါး,ထိုင်း

ဓာတ်ပုံ ရင်းမြစ်, AFP Contributor

ဓာတ်ပုံ ပုံစာ, ထိုင်းမြန်မာ နယ်စပ်အနီးက ၀ တပ်ဖွဲ့

ထိုင်းမြန်မာ နယ်စပ်အနီးက ချင်းရိုင်ခရိုင် ဖန်းမြို့နယ်ထဲမှာ ဇွန်လ ပထမအပတ်အတွင်းက ဖမ်းဆီးရမိခဲ့တဲ့ သန်းနဲ့ချီတဲ့ မက်သာဖက်တမင်းစိတ်ကြွဆေးပြားတွေဟာ မြန်မာဘက်က လာတာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဇွန်လ ၃ ရက်နေ့က ပြောပါတယ်။

ဇွန်လ ၂ ရက်နေ့က စိတ်ကြွဆေးပြား ၁၅ သန်းလောက် ဖမ်းဆီးခဲ့ရာမှာ လူ ၂ ဦးကိုလည်း ဖမ်းဆီးရမိတယ်လို့ ထိုင်းအမှတ် ၅ ရဲတပ်ဖွဲ့က ဇွန်လ ၃ ရက်နေ့က ချင်းမိုင်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီဖမ်းဆီးရမိတဲ့ ပမာဏဟာ ဒီနှစ်အတွင်း ထိုင်းနိုင်ငံတဝန်းမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေထဲမှာ အရေအတွက်အများဆုံး ဖမ်းဆီးရမိမှုလည်း ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ ကားကို စစ်ဆေးစဉ်ဖမ်းမိခဲ့တာဖြစ်ပြီး အဲဒီဆေးပြားတွေဟာ ထိုင်းမြန်မာ နယ်စပ်နဲ့ မနီးမဝေး မြန်မာဘက်ခြမ်းက ၀ တပ်ဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားတာပါ။

လူ ၂ ဦးကို စဖမ်းမိတာဖြစ်ပြီး ထိုင်းမြန်မာ နယ်စပ်တကျောက ၀ တွေနဲ့ ဆက်စပ်တဲ့ လူတွေကို ဒီကနေ့ ဇွန်လ ၅ ရက်နေ့အထိ လိုက်လံစစ်ဆေးတာတွေ လုပ်နေတယ်လို့ ထိုင်း- မြန်မာနယ်စပ်အခြေစိုက် ရှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့က စိုင်းမိဏ်းက ပြောပါတယ်။

အဲဒီ သတင်းစာရှင်းလင်းပွဲကို သတင်းသွားယူတဲ့ သတင်းထောက်တဦးကလည်း ထိုင်းရဲက ၀ တပ်ဖွဲ့နဲ့ ဆက်နွယ်နေသူတွေကို ဖမ်းထားတယ်လို့ ပြောကြောင်း ဘီဘီစီကို ပြောပါတယ်။

ထိုင်းရဲရဲ့ ထုတ်ပြန်ချက်အရတော့ အခု မူးယစ်ဆေးဝါးတွေကို ဘန်ကောက်မြို့ဘက်ကို သယ်ဆောင်ဖို့ ယူလာတာလို့ ဆိုထားတာပါ။

အခုမူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့ နေရာဟာ မြန်မာဘက်ခြမ်း ရှမ်းအရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း UWSA ၀ တောင်ပိုင်း တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ပုံပါကျင်နဲ့ နယ်မြေချင်း ဆက်စပ်တဲ့ ဒေသတွေပဲဖြစ်ပါတယ်။

၀ တပ်ဖွဲ့တောင်ပိုင်း ၁၇၁ တပ်မဟာရဲ့ ပြင်ပဆက်ဆံရေးဌာန အကြီးအကဲ ဦးဆမ်လောကတော့ ဒီကိစ္စတွေဟာ စွပ်စွဲချက်သာဖြစ်ပြီး ၀ တပ်ဖွဲ့နဲ့ ပတ်သက်မှု မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အရင်ကလည်း မကြာခဏ စွပ်စွဲမှုရှိပြီး လူတွေမိပြီး စစ်ဆေးပါကလည်း ထိုင်းဘက်ကဘဲ တဘက်သတ်စစ်ဆေးတာဖြစ်တဲ့အတွက် မသမာသူတချို့နဲ့ ပူးပေါင်းပြီး ၀ တပ်ဖွဲ့အပေါ် အပြစ်ပုံချနေတာဖြစ်တယ်လို့ ဦးဆမ်လောက ပြောပါတယ်။

၀ တောင်ပိုင်း တပ်ဖွဲ့ အခြေချတဲ့ ဒေသ အနီးအနားမှာလည်း ပြည်သူ့စစ်အဖွဲ့တွေလည်း ရှိနေသလို အခြားအဖွဲ့တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းက ၀ လူမျိုးတွေကို မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်ပြီး ရံဖန်ရံခါ ဖမ်းဆီးတာတွေ ရှိပေမယ့် ထိုင်းမြန်မာ နယ်စပ်တလျှောက်က ၀ တွေနေတဲ့ နယ်စပ်ဂိတ်တွေကို ထိုင်းဘက်က ပိတ်ထားတဲ့အတွက် မြန်မာဘက်ခြမ်းက ၀ တွေအနေနဲ့ စားဝတ်နေရေးက အစ ပြည်တွင်းကိုပဲ အားပြုကာ ကူးလူးဆက်ဆံနေတယ်လို့ ဦးဆမ်လောက ပြောပါတယ်။