တက္ကသိုလ်ဝင်တန်း စာမေးပွဲ နဲ့ အသက်မွေးဝမ်းကျောင်း ပညာ

မြန်မာတနိုင်ငံလုံးက ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုထားတဲ့ကျောင်းသားတွေရဲ့ အောင်စာရင်းကို ဇွန်လ ၂ရက်နေ့မှာ ထုတ်ပြန်ပေးခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြေဆိုသူ ၃၂ ရာခိုင်နှုန်းကျော် အောင်မြင် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက ဖြေဆိုခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ကျောင်းသူကျောင်းသားပေါင်း ၇သိန်း၈သောင်းကျော်ဖြေဆိုခဲ့ပြီး အဲဒီထဲက ၂သိန်းခွဲကျော်အောင်မြင်ခဲ့ကာ အောင်ချက်ဟာ ၃၂.၈၂ ရာခို်နှုန်း ရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်နယ်နဲ့တိုင်း အလိုက် အောင်ချက်အကောင်းဆုံးက မန္တလေးတိုင်းဖြစ်ပြီး ကျောင်းသူ ကျောင်းသား တသိန်း တသောင်းကျော် ဖြေဆိုခဲ့ရာ မှာ ၄သောင်း ၂ထောင်ကျော် အောင်ခဲ့ပြီး ရာခိုင်နှုန်း အရ ၃၈.၁၇ ရာခိုင်နှုန်း အောင်ချက် ရှိပါယတ်။

ရန်ကုန်တိုင်းကလည်း အောင်ချက် ၃၇.၅၅ ရာခိုင်နှုန်း နဲ့ ဒုတိယလိုက်ပါတယ်။

အောင်ချက်အနည်းဆုံးတွေ ကြုံရတာ က ပြည်နယ် အချို့မှာ ဖြစ်ပြီး အနည်းဆုံး ကတော့ ချင်းပြည်နယ်ဖြစ်ကာ အဲဒီမှာ အောင်ချက် ၁၆. ၆၄ ရာခိုင်နှုန်းပဲ ရှိတာ တွေ့ရပါတယ်။

တိုင်းရင်းသားတွေ အများစု နေထိုင်ရာ ပြည်နယ်ဘက်တွေမှာ ကျောင်းဆရာ ဆရာမ အရေအတွက် က လိုအပ်တာထက်နည်းပါးတဲ့ အပြင် ဒေသခံ မဟုတ်တဲ့ ဆရာ ဆရာမ တွေ ကလည်း တိုင်းရင်းသား ကလေးတွေနဲ့ ဘာသာစကား ကွာခြားမှု၊ ယဉ်ကျေးမှုမတူတာတွေ ကြောင့် သင်ကြားရေးမှာ အလှမ်းကွာဟ နေတာတွေ တွေ့ရတယ်လို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ပညာရေးဆိုင်ရာ အတိုင်ပင်ခံလည်း ဖြစ်၊ ပညာရေး ဆိုင်ရာ ပါရဂူ ဘွဲ့အတွက် လေ့လာနေသူလည်း ဖြစ်တဲ့ ဦးသိန်းနိုင် က ဘီဘီစီ ကို ပြောပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတခုတည်း နဲ့ ကိုယ်တက်ရောက် သင်ကြားလိုတဲ့ ပညာရပ် ကို ဆုံးဖြတ်ရွေးချယ်ရတဲ့ အခြေအနေကြားကို ကျောင်းသားတွေ ရောက်နေတာတွေ ၊ အသက်မွေးဝမ်းကျောင်းအလုပ် အတွက် အဆင်သင့်ဖြစ်အောင် သင်ကြားပေးတဲ့ ကျောင်းတွေ မြန်မာပြည်မှာ နည်းနေလွန်း တာတွေ စတဲ့ အခြေအနေတွေကိုလည်း ပြင်ဆင်သင့်ကြောင်း သူ က ထောက်ပြပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကို အကျဉ်းထောင်ထဲမှာ ရှိနေကြတဲ့ အကျဉ်းသားတွေ ထဲက ဝင်ရောက်ဖြေဆိုလိုသူတွေ ပိုတွေ့လာရပြီး မတ်လ က စာမေးပွဲမှာ မန္တလေး အိုးဘိုထောင်စာစစ်ဌာန ကနေ ၅၅ယောက် ဖြေခဲ့ရာမှာ ၂၇ ယောက် အောင်တဲ့အတွက် ၄၉ ရာခိုင်နှုန်း နီးပါးအောင်ခဲ့ပါတယ်။

ဒီထဲမှာ ၃ ဘာသာဂုဏ်ထူး ၄ ယောက်၊ ၂ ဘာသာဂုဏ်ထူး ၄ ယောက် ၊ ၁ ဘာသာဂုဏ်ထူး ၁၃ ယောက် ပါဝင်ပါတယ်။

တနိုင်ငံလုံးအကျဉ်းဦးစီးဌာနအောက် က စာစစ်ဌာနတွေရဲ့ အောင်ချက်အခြေအနေ က ကောင်းမွန်ပြီး အောင်ချက် ၄၅ ရာခိုင်နှုန်း ကျော်ရှိတယ်လို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရ ဦးမင်းထွန်းစိုး က ဘီဘီစီ ကို ပြောပါတယ်။

မနှစ်က ထောင်တွေထဲကနေ စာမေးပွဲဖြေလို့ ဂုဏ်ထူးရတဲ့ ကျောင်းသားတွေထဲက သေဒဏ်နဲ့ တသက်တကျွန်းကျသူတွေကလွဲလို့ ၇ ယောက် ကို ထောင်ကနေ ပြန် လွှတ်ပေးတဲ့အတွက် ဒီနှစ်လည်း ထူးချွန်သူတွေအတွက် လွတ်နိုင်မယ် ဆိုတဲ့ မှန်းဆချက်တွေ ရှိနေပါတယ်။