အပစ်ရပ် RCSS အဖွဲ့ဝင်တွေကို ထောင်တသက်ကျနိုင်တဲ့ ပုဒ်မနဲ့ စွဲချက်တင်

အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက တပ်ဖွဲ့ဝင် ၄ ဦးနဲ့ အရပ်သား နှစ်ဦးကို ဓါးပြမှု ၊ လက်နက်မှုတို့နဲ့ စစ်တပ်က စွဲချက်တင်ရာမှာ တရားရုံးက စွဲချက်တင်သင့်ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

အမြင့်ဆုံးထောင်ဒဏ် တ သက်လောက်အထိ ကျခံရနိုင်တဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်း ရပ်စောက်မြို့နယ်ထဲမှာ သစ်လုပ်ငန်း လုပ်ကိုင်နေသူတွေဆီက အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး အာစီအက်စ်အက်စ် တပ်ဖွဲ့ဝင် ၄ ဦးနဲ့ အရပ်သား နှစ်ဦးတို့ကို စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက်မှာ ဓါးပြမှု ၊ လက်နက်မှုတို့နဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ဘက်က တရားစွဲခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုကို စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်မှုကို မေလ ၁၇ ရက်နေ့က တောင်ကြီးခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့ပြီး စွဲချက်တင်သင့်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

အာစီအက်စ်အက်စ်အဖွဲ့ဝင်တွေဘက်က ရှေ့နေလိုက်ပေးနေသူ စဝ်မြဝတီကတော့ ဒီအမှုဟာ ဓါးပြမှု မဟုတ်ဘူးလို့ ပြောပါတယ်။

တရားလိုက တပ်ဘက်က ဗိုလ်ကြီးသက်နိုင်ဦးဆိုသူဖြစ်ပြီး ကျွန်မက စွဲချက်မတင်သင့်ဘူးလို့ပြောပေမယ့် တရားရုံးက စွဲချက်တင်သင့်ကြောင်း ဆုံးဖြတ်တယ်။ အာစီအက်စ်အက်စ်တပ်ဖွဲ့ အနေနဲ့ အဲဒီဘက်ရောက်နေတာ ဖွံ့ဖြိုးရေးနဲ့ ဘိန်းတိုက်ဖျက်ရေး လုပ်ငန်းတွေကြောင့် ဖြစ်ပြီး ပုဂ္ဂလိက သစ်လုပ်ငန်းရှင်တွေကလည်း သူတို့ကို အလှူငွေတွေထည့်လေ့ရှိပြီး ဖြတ်ပိုင်းစာရွက်တွေလည်း ရှိကြောင်းနဲ့ အဲဒီ ဖြတ်ပိုင်းစာရွက်တွေကို စစ်တပ်က သိမ်းထားတယ်လို့လည်း ရှေ့နေ စဝ်မြဝတီက ပြောပါတယ်။

အဲဒီစွဲချက်တွေအတိုင်း ပြစ်ဒဏ်စီရင်ခံရမယ်ဆိုရင် ဓါးပြမှုက ထောင်ဒဏ် ဆယ်နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် တသက် ၊ ရှမ်းလက်နက်မှု ပုဒ်မက အမြင့်ဆုံးထောင်ဒဏ် ၇နှစ်လောက်အထိ ချမှတ်ခံရနိုင်တာဖြစ်ပါတယ်။

အန်စီအေ အပစ်ရပ်ထားတဲ့ အာစီအက်စ်အက်စ်ဘက်ကတော့ သူတို့တွေအနေနဲ့ အပစ်ရပ်ပြီးနောက်ပိုင်း ဖွံ့ဖြိုးရေးအတွက် နယ်မြေတွေ စီးပွားရေးလုပ်ငန်းတွေ မရတဲ့အတွက် တပ်ဖွဲ့ဝင်ရပ်တည်ရေးအရ အခွန်ကောက်ခံလေ့ရှိတယ်လို့ ဆိုထားတာပါ။

တပ်မတော်ဘက်ကတော့ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်မှာ တိုင်းရင်းသား လက်နက်တွေအနေနဲ့ ဒေသခံတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမဲ့ ကိစ္စတွေ မလုပ်ဖို့ဆိုတဲ့ အချက်ပါဝင်ပါတယ်။

တောင်ကြီးမြို့မှာ နေထိုင်တဲ့ နိုင်ငံရေးလေ့လာသူ ကိုမိုးကတော့ အန်စီအေ လက်မှတ်ထိုးထားတဲ့ ကိုယ့်တပ်ဖွဲ့ဝင်တွေ အခုလို စွပ်စွဲခံရမှုအပေါ် အာစီအက်စ်အက်စ်အဖွဲ့အနေနဲ့ တာဝန်ယူဖို့လိုတယ်လို့ ပြောပါတယ်။

အန်စီအေထိုးထားတဲ့ အဖွဲ့က တပ်ဖွဲ့ဝင်တွေဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင်တွေဟာ ရပ်စောက်ဘက်မှာ နေရာသွားယူရတာဖြစ်မှာပါ။ တပ်ဆိုတဲ့ သဘောတရားအရ လက်နက်နဲ့ ငွေကြေးပါလာမှာဖြစ်တဲ့အတွက် ဓါးပြမှုဆိုတာ ဘယ်နေရာမှာ ဓါးပြတိုက်သလဲဆိုတဲ့ တိုင်တန်းချက်တွေ ရှိမှသာ ဓါးပြမှုလို့ စွပ်စွဲနိုင်မှာဖြစ်ပြီး ဒီလိုစွပ်စွဲမှုတွေကို ရှမ်းတပ်မတော်တောင်ပိုင်း တပ်ဖွဲ့အနေနဲ့ ဒီလိုစွပ်စွဲမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်သင့်တယ်လို့ ထင်ကြောင်း ကိုမိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလကလည်း အန်စီအေ အပစ်ရပ် အာစီအက်စ်အက်စ် ဆက်သွယ်လို့ဆိုပြီး ဟိုပုံးဒေသက ရှမ်းရွာသား ၈ ဦးကို ဟိုပုံးတရားရုံးကနေ ထောင်ဒဏ် ၁ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်ခဲ့ပါသေးတယ်။

RCSS/SSa ဟာ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေအနက် စစ်တပ်နဲ့ ထိတွေ့မှု အများဆုံးအဖွဲ့ဖြစ်သလို ၂၁ ပင်လုံ ကျင်းပဖို့အတွက် ရှမ်းအမျိုးသားအဆင့် ဆွေးနွေးပွဲနဲ့ လူထုဆွေးနွေးပွဲ ကျင်းပရေးလိုကိစ္စတွေမှာ စစ်တပ်နဲ့ သဘောထားချင်း မတိုက်ဆိုင်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။