ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန် စစ်ရပ်စဲရေး ဆန္ဒပြသူ တချို့ကို ဖမ်းဆီး
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ကနေ မြို့နယ် ၅ ခုကို ဖြတ်သန်းပြီး ဆူးလေ မှာ အဆုံးသတ်မယ့် စစ်ပွဲရပ်စဲရေး ဆန္ဒပြသူတွေကို တာမွေ ခုံးကျော် တံတားအောက် အိုးရှင်း စင်တာအနီးမှာ ရဲတပ်ဖွဲ့က တားဆီးမှုတွေ ပြုလုပ်ခဲ့ပြီး ဆန္ဒပြရာမှာ ပါဝင်တဲ့သူတချို့ကို ဖမ်းဆီးခဲ့ပါတယ်။
နေ့လယ် ၁၂ နာရီ လောက်ကစပြီး ဆန္ဒပြမယ့်သူတွေက စုရုံးနေခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဘက်က ခွင့်ပြုချက်တင်ပေမယ့် ရဲဘက်က ခွင့်ပြုချက် မပေးဘူးဆိုပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ အပြန်အလှန် ငြင်းခုံနေကြတယ်လို့ ဒီနေရာမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ဒီလို ထိပ်တိုက် ဖြစ်နေတဲ့အချိန်မှာ ဆန္ဒပြတဲ့သူတွေက ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီနောက် ဆန္ဒပြသူတွေက ငြိမ်းချမ်းစွာ စီဝေး စုတန်းလမ်းလျှောက်ခွင့်ကို ထပ်မံ လျှောက်ထားမယ်ဆိုပြီး လူစုခွဲ လိုက်ရာမှာ ရဲတပ်ဖွဲ့နဲ့ အရပ်ဝတ်ထားတဲ့သူတွေက ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အခုချိန်ထိ သိရသလောက် ဆန္ဒပြပွဲမှာ ပါဝင်တဲ့သူ ၉ ဦးလောက် ရဲတွေက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ သူတွေကို ဘယ်မှာ ထိန်းသိမ်းထားသလဲဆိုတာ သေချာမသိရသလို အဖမ်းခံရတာ ဘယ်သူလဲ ဆိုတာလည်း အတိအကျ မသိရသေးပါဘူး။
ဆန္ဒပြပွဲမှာ လူ ၁ဝဝ လောက် ပါဝင်ခဲ့သလို ရဲတပ်ဖွဲ့အင်အားကလည်း ၆ဝ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။
အလားတူ မန္တလေးမြို့ ၇၈လမ်း ဒိုင်းမွန်းပလာဇာရှေ့မှာ ငြိမ်းချမ်းရေး အပေါ် ပြည်သူတွေရဲ့ သဘောထား ကောက်ခံတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) ကိုသန်းထိုက်နဲ့ လက်ရှိ ဗကသ အဖွဲ့ဝင် ကိုနှင်းအောင်ကို အမှတ် ၅ ရဲစခန်း တာဝန်ရှိသူတွေက ဖမ်းဆီးသွားပါတယ်။