မူဆယ်တိုက်ခိုက်မှု သေဆုံးသူ ၁၉ ဦးရှိပြီ

မူဆယ်မြင်ကွင်း,မူဆယ်တိုက်ခိုက်မှု, သေဆုံးသူ ၁၉ ဦး

ဓာတ်ပုံ ရင်းမြစ်, Local Youth

ဓာတ်ပုံ ပုံစာ, တိုက်ခိုက်မှုအပြီး မူဆယ်မြင်ကွင်း

မူဆယ်မှာ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၉ ဦးရှိပြီလို့ ဆေးရုံစာရင်းတွေကို ကိုးကားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ဘီဘီစီကို ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် ၁ ဦး ပြည်သူ့စစ် ၄ ဦးနဲ့ အရပ်သား ၁၄ ဦး သေဆုံးတယ်လို့ မေလ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က ဘီဘီစီကို ပြောပါတယ်။

မူဆယ်ရဲစခန်းဘက်ကတော့ မြို့မှာ တိုက်ခိုက်သံတွေမကြားရတော့ဘဲ တိုက်ခိုက်မှုတွေအတွင်း ဘယ်လောက် သေဆုံးဒဏ်ရာရတယ်ဆိုတာ စာရင်းသွားကောက်နေဆဲဖြစ်တယ်လို့ တာဝန်ကျ ရဲအရာရှိက ဘီဘီစီကို ပြောပါတယ်။

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ တိုက်ခိုက်မှုကြောင့် ရဲအရာရှိတဦးနဲ့ ပြည်သူ့စစ် ၃ ဦးကျဆုံးပြီး ပြည်သူ ၁၅ ဦးသေဆုံးကာ ၂၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။

မူဆယ်နဲ့ တမိုင်ခန့်အကွာ နန့်ပေါ်တံတားပေါ်က ပြည်သူ့စစ်စခန်းနဲ့ ရဲကင်းကို နံနက် အစောပိုင်းက ဝင်ရောက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး အဲဒီနောက်မှာတော့ မူဆယ်မြို့စွန်ရပ်ကွက်ဖြစ်တဲ့ စွမ်ဇော်ရပ်ကွက်က ရဲကင်းတွေနဲ့ ကာစီနိုလောင်းကစားရုံတို့ကို ဝင်ရောက်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ မူဆယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောပါတယ်။

ပစ်ခတ်မှုအများစုဟာ ရဲစခန်းနဲ့ ပြည်သူ့စစ်စခန်းကို အဓိကထားတိုက်ခိုက်ခဲ့တာ တွေ့ရတယ်လို့ ဦးစိုင်းကျော်သိန်းက ပြောပြီး အဲဒီနေရာတွေမှာ မြို့မပြည်သူ့စစ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

တအာင်းပလောင်တပ်အဖွဲ့ တီအန်အယ်လ်အေကတော့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်သံတွေဟာ မနက် ၉ နာရီလောက်မှာ ရပ်သွားခဲ့ပြီး မြို့ပေါ်မှာ လူအသွားအလာမရှိသလောက်နည်းသွားတယ်လို့ ဦးစိုင်းကျော်သိန်းက ပြောပါတယ်။

မူဆယ်တိုက်ခိုက်မှု

ဓာတ်ပုံ ရင်းမြစ်, Zaw Htay's Facebook

ဓာတ်ပုံ ပုံစာ, တိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့ ကားတစီး

ဒေသခံတွေရဲ့ ပြောဆိုချက်အရ တိုက်ခိုက်သူတွေဟာ တအန်းပလောင်စကားနဲ့ ကချင်စကားပြောဆိုတာတွေ့ရတယ်လို့ မျက်မြင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဦးစိုင်းကျော်သိန်းက ပြောပါတယ်။

တအန်းဒေသအတွင်း အစိုးရစစ်တပ်ရဲ့ တပ်အင်အား အဆမတန်ဖြည့်တင်းမှုနဲ့ ကချင်ပြည်နယ်အတွင်း မဟာမိတ် ကေအိုင်အေနဲ့ တပ်မတော်အကြား တိုက်ပွဲပြင်းထန်မှုတွေကြောင့် အခုလို အသေးစား စစ်ဆင်ရေးလုပ်ရတာလို့ တီအန်အယ်လ်အေက ကြေညာပါတယ်။

ဒီတိုက်ခိုက်မှုဟာ ကေအိုင်အေ အပေါ် စစ်တပ်က ဖိအားပေးတိုက်ခိုက်နေမှုအပေါ် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အေအေ ရက္ခိုင့်တပ်မတော် ၊ တအန်းပလောင် တီအန်အယ်လ်အေ ၊ ကိုးကန့် MNDAA တို့က နိုင်ငံရေး စစ်ရေးအရ ဝန်းရံသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် တန်ပြန်တိုက်ခိုက်မှု ပေါ်ပေါက်လာတာဖြစ်ပါတယ်။

တီအန်အယ်လ်အေရဲ့ ထုတ်ပြန်ချက်မှာတော့ မူဆယ်လားရှိုးကားလမ်း နမ့်ပေါ်တံတားပေါ်က အစိုးရစစ်တပ်စခန်းမှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။