အောင်လော့ဒ်ရွာက စစ်ရှောင်တယောက်ရဲ့ စစ်ပြေးအတွေ့အကြုံ

ကချင်ပြည်နယ် အတွင်းက တောတောင်တွေကြားမှာ ပုန်းအောင်းနေရတဲ့ စစ်ရှောင်ပြည်သူတွေ အများအပြား ရှိနေချိန်မှာ တချို့ကတော့ ရက်ပေါင်းများစွာ ခြေလျင်လျှောက်ပြီး မြို့ပေါ် ဒုက္ခသည်စခန်းတွေဆီ ရောက်လာ နိုင်ခဲ့ကြပါတယ်။

မနေ့က မေလ ၁၁ ရက် သောကြာနေ့ မနက်က မြစ်ကြီးနားမြို့က ဂျော်မဆတ် Jawmasat ဒုက္ခသည် စခန်းကို ရောက်လာတဲ့ အသက် ၈၀ အရွယ်ကနေ လသားအရွယ်အထိ ပါတဲ့ မိသားစု ၁၁ ယောက်ကတော့ အောင်လော့ဒ် ရွာကနေ ထွက်ပြေးခဲ့ကြပြီး တောထဲမှာ တစ်လလောက် နေခဲ့ရပါတယ်။

ရွာကနေ ထွက်လာရတဲ့ အကြောင်းကတော့ တိုက်ပွဲဖြစ်ကြောင့် ဖြစ်ပြီး ၊ လေယာဉ်တွေနဲ့ ဗုံးလာကြဲ ၊ သေနတ်တွေ ၊ လက်နက်ကြီးတွေနဲ့ ပစ်လို့ ထွက်ပြေးခဲ့တာလို့ စစ်ပြေး ဒုက္ခသည် မဂျာဘောက် က ပြောပါတယ်။

ရွာထဲမှာ ဗုံးတွေကြဲလို့ ၊ အိမ်တွေ ပျက်တာ မရှိပေမယ့် လူငယ်တယောက်သေသွားပြီး သူ့ဖခင်ကတော့ ဒဏ်ရာရခဲ့တယ် ၊ လူငယ်က အသက် ၂၀ ဒါမှမဟုတ် ၂၁ လောက် ရှိပြီး သူ့ဖခင်ကတော့ ပစ္စည်းတွေ သယ်ဖို့ နွားသွားရှာတုန်း ဗုံးမှန်သွားတာလို့ သူက ဆိုပါတယ်။

အဲဒီလို ဗုံးလာကြဲစဉ်မှာ အိမ်မှာ ထမင်းချက်ခါနီး အချိန် ဖြစ်ကြောင်း ၊ တနိုင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာဖြစ်ကြောင်း ၊ ဧပြီ၁၁ ရက်က လေယာဉ်နဲ့ နှစ်ခေါက် ဗုံးလာကြဲကြောင်း ၊ သူနဲ့အတူ ဆွေမျိုး မိသားစုတွေ ပါပြီး အဲဒီ အထဲမှာ နို့စို့ ကလေးနဲ့ နှစ်နှစ်အရွယ် ကလေးအပြင် အသက်ရှစ်ဆယ်ကျော် အမေလုပ်သူလည်း ပါကြောင်း သူက ရှင်းပြပါတယ်။

အသက် ရှစ်ဆယ်ကျော် အမေက လမ်းမလျှောက်နိုင်လို့ ဆွေမျိုးတွေက တလမ်းလုံး ထမ်းပိုး သယ်ခဲ့ရကြောင်း ၊ ဒါမျိုး စစ်ပြေးရတဲ့ အတွေ့အကြုံ မရှိခဲ့ဖူးဘူးလို့ အမေက ပြောကြောင်း ၊ ဒါ့အပြင် အမေက ရွာမှာ ကျန်ခဲ့တဲ့ သူ့ပစ္စည်းတွေကို ထားခဲ့ရလို့ စိတ်ရောဂါ ဖြစ်နေပြီး အခုဆိုရင် ပိန်ကျနေကြောင်း မဂျာဘောက် က ပြောပါတယ်။

ဒါ့အပြင် နွားလှည်းပေါက်တဲ့ နေရာအထိ စားစရာတွေကို သွားတိုက်ယူ ကဲ့ယူကာ တိုက်ခဲ့ရပြီး တချို့ သူတို့နဲ့ ပါသူတွေ ဆိုရင် ဆန်နဲ့ ရိက္ခာ မပါလို့ သူတို့က ဝေမျှ စားသောက်ကာ လမ်းတလျှောက် ကူညီ ခဲ့ရတယ်လို့ မဂျာဘောက် က ဆိုပါတယ်။

လက်ရှိမှာ အိမ်ပြန်ချင်ကြောင်း ၊ ကျွဲနွား၀က်တွေကို သတိရသလို လယ်ယာ လုပ်ကိုင် စားသောက်သူတွေမို့ ဘယ်တော့ အိမ်ပြန်ရမလဲ ဖြစ်နေတဲ့ အခြေအနေမှာ အခက်တွေ့နေပြီး အရင်ကလို ကိုယ့်အိမ်မှာ ပျော်ပျော်ရွှင်ရွှင် ပြန်နေချင်တယ်လို့ မဂျာဘောက် က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ရက်တုန်းကလည်း တနိုင်းမြို့နယ်၊ အောင်လော့ဒ်ဒေသမှာ တိုက်ပွဲကြား ပိတ်မိနေသည့် ပြည်သူ ၂၀ဝ ကျော်ခန့်ဟာ တနိုင်းမြို့နယ်၊ ဒွန်ဘန်ကျေးရွာသို့ ရောက်ရှိ လာလို့ လဝါးရွာ ကက်သလစ် ဘုရားကျောင်းသို့ ဆက်လက်ပို့ဆောင်နေရာချထားပြီး ကေဘီစီ နှစ်ခြင်းအသင်းတော်ကလည်း မြစ်ကြီးနားသို့ ပို့ဆောင်နေရပါတယ်။