မဲဆန္ဒနယ် ၁၃ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲ နိုဝင်ဘာမှာ ကျင်းပမယ်

၂၀၁၈ ခုနှစ်နိုဝင်ဘာ ၃ ရက်နေ့မှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

သက်ဆိုင်ရာ မြို့နယ် ၁၂ ခုက မဲဆန္ဒနယ် ၁၂ နေရာနဲ့ မန္တလေးတိုင်းဒေသကြီးက ရှမ်းတိုင်းရင်းသားများ လူမျိုး မဲဆန္ဒနယ်စတဲ့ မဲဆန္ဒနယ် ၁၃ ခုမှာ ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။

လွှတ်တော်မှာ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်ထဲမှာ လုပ်မယ်လို့ ကြေညာခဲ့သလို သင့်တော်တဲ့ အချိန်ကို ရွေးလိုက်တာလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူဦးမြင့်နိုင်က ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့် ပြည်နယ်တွေထဲမှာဆိုရင်တော့ ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့နယ်၊ ချင်းပြည်နယ်မှာ ကန်ပက် လက်နဲ့ မတူပီမြို့နယ်၊ ရခိုင်ပြည်နယ်မှာ ရသေ့တောင်မြို့နယ်နဲ့ရှမ်းပြည်နယ်မှာ ဆိုရင် လဲချားမြို့နယ်တို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးတွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးမှာ တာမွေနဲ့ ဆိပ်ကမ်း မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ တမူးမြို့နယ်၊ ပဲခူးတိုင်းဒေတိုင်းဒေသကြီးမှာ အုတ်တွင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှာ မြင်းခြံ၊ သပိတ်ကျင်း၊ မကွေးတိုင်း ဒေသကြီးမှာ မင်းဘူးမြို့နယ်တို့ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ကြေငြာလိုက်တဲ့ အချိန်ဟာ ပြည်ထောင်စု လွှတ်တော် အစည်း အဝေး ပြန်လည်စတင်ဖို့ ၆ ရက်သာလိုတဲ့အချိန်ဖြစ်ပါတယ်။

မေလ ၁၄ ရက်နေ့မှာ ကျင်းပမဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စု ဝန်ကြီး အချို့ အပြောင် အလဲရှိနိုင်သလို လွှတ်တော် ကိုယ်စားလှယ်ထဲက ပြည်ထောင်စု ဝန်ကြီး ဖြစ်လာမယ်လို့ ခန့်မှန်း ပြောဆိုမှုတွေ ရှိနေပါတယ်။

၂၀၁၇ ခုနှစ်က နေရာ ၁၉ နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၄၇ ရာခိုင်နှုန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) က ၃၂ ရာခိုင်နှုန်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၁၁ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာလဲ NLD ပါတီအနေနဲ့ တိုင်းရင်းသား ဒေသတွေမှာ အကြိုတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိသလို ဦးကိုကိုကြီး ဦးဆောင်ဆဲ ၈၈၈၈ ပြည်သူပါတီ ဝင်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာလဲ အကြိတ်အနယ်ရှိလာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတချို့က သုံးသပ်နေကြပါတယ်။