ကာမိုင်းက စစ်ရှောင် သွားခေါ်သူတွေ ပြန်လှည့်လာ

ဓာတ်ပုံ ရင်းမြစ်, KACHIN YOUTH MOVEMENT
ကချင်ပြည်နယ်က ကာမိုင်းမြို့နယ် တဝိုက်မှာ ကချင်လွတ်လပ်ရေးတပ် (ကေအိုင်အေ)နဲ့ တပ်မတော်ရဲ့ တိုက်ပွဲတွေအကြား ပိတ်မိနေတဲ့ သူတွေကို ခေါ်ဖို့ သွားနေတဲ့ အရပ်ဘက်အဖွဲ့တွေ တားဆီးခံရလို့ ပြန်လှည့်လာရပါတယ်။
တိုက်ပွဲကြားမှာပိတ်မိနေပြီး အန္တရာယ်ရှိနေတယ်ဆိုတဲ့ လိုင်နှောင်းခူးနဲ့ မန်ဝယ်ရွာမှာ ရှိနေတဲ့ ရွာသားတွေကို ခေါ်ဖို့ ပြည်နယ် အစိုးရက ဖွဲ့ပေးတဲ့အဖွဲ့နဲ့ အတူ ဘာသာရေး လူမှုရေး အသင်းအဖွဲ့က ကိုယ်စားလှယ်တွေ မေလ ၄ ရက်က သွားရောက်ခဲ့ပါတယ်။
ဒါပေမယ့် မေ ၅ ရက်မှာတော့ တပ်မတော်ဘက်က လုံခြုံရေး အကြောင်းပြတားမြစ်ခဲ့ တာကြောင့် ပြန်လှည့် လာရတယ်လို့ ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း တာဝန်ခံ ဦးဇော်ဂျက်က ပြောပါတယ်။
ရွာသားတွေက လုံခြုံတဲ့နေရာကို သွားချင်ကြတာကြောင့် သူတို့ကို လာခေါ်ဖို့ အကြောင်းကြားလာတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ပြည်တွင်း ဒုက္ခသည် (IDP) စခန်းတွေ ထပ်တိုးမှာကို တပ်မတော် ဘက်က မလိုလားတာကြောင့် ရွာသားတွေ လုံခြုံနေပြီး လာခေါ်ဖို့ မလိုဘူးလို့ အကြောင်းပြတယ်လို့ ဦးဇော်ဂျက်က ပြောပါတယ်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရ မျိုးတင့်ကတော့ အရပ်ဖက် အဖွဲ့အစည်းတွေ ပြန်သွားပေမယ့် အစိုးရက ဖွဲ့စည်းပေး ထားတဲ့ အဖွဲ့ကတော့ ကာမိုင်းရော တနိုင်းဘက်ပါ ကူညီဖို့ သွားနေတယ်လို့ ပြောပါ တယ်။
တပ်မတော်က လုံခြုံရေးအရ အန္တရာယ်ရှိတယ်လို့ အကြံပြုထားတဲ့ လမ်းကြောင်းကနေ မသွားဘဲ တခြား လမ်းကြောင်းကနေ သွားနေတယ်လို့လည်း သူက ရှင်းပြပါတယ်။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တိုက်ပွဲတွေအကြား ပိ်တ်မိနေတဲ့ သူအရေးနဲ့ ပတ်သက်ပြီး ကချင်လူငယ်တွေ လူမှုရေး အဖွဲ့အစည်းတွေ မြစ်ကြီးနား အစိုးရရုံးနားမှာ ဆန္ဒပြတောင်းဆိုမှုတွေ ရှိနေပါတယ်။
ဒါအပြင် ရန်ကုန်နဲ့ တခြားမြို့တွေမှာလည်း ဆန္ဒပြသူနဲ့ ဆုတောင်းပွဲလုပ်သူတွေလည်း ရှိနေပါတယ်။








