ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လန်ဒန်လေဆိပ်မှာ မိကျောင်း အကောင် ၅၀ မိ
ဥပဒေနဲ့ မလျော်ညီစွာ လေကြောင်းကနေ သယ်လာတဲ့ မိကျောင်းအကောင် ၅ဝ ကို လန်ဒန် ဟီးသရိုးလေဆိပ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
နှစ်သားအရွယ်ရှိပြီ ဖြစ်တဲ့ မိကျောင်းပေါက်တွေဟာ မလေးရှားနိုင်ငံကနေတဆင့် သယ်ဆောင်လာတာဖြစ်ပါတယ်။
သယ်ဆောင်လာစဉ်အတွင်း ကျဉ်းကျဉ်းကျုတ်ကျုတ် နေခဲ့ရတဲ့အတွက် တကောင်နဲ့ တကောင် တိုက်ခိုက်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။
တကောင်ကတော့ သယ်လာကတည်းက သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။
လေကြောင်းပို့ဆောင်ရေးမှာ အသုံးပြုတဲ့ သေတ္တာ ၅ ခုမှာ မိကျောင်း ၄ ကောင်ပါလာခဲ့ပြီး ၁ဝ ပေရှည်တဲ့ မိကျောင်းတွေ အတွက်ကတော့ သေတ္တာတလုံးစီပဲ အသုံးပြု သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
အဲဒီ မိကျောင်းတွေကို ကိန်းဘရစ်ရှိုင်းယားက ခြံတခြံထဲကို ယူသွားဖို့ ရည်ရွယ် သွားခဲ့တာဖြစ်ပြီး သူတို့ဟာ အဲဒီမှာ အသားထုတ်လုပ်နိုင်ဖို့အတွက် မျိုးပွားပေးမှာ ဖြစ်ပါတယ်။
အခုတော့ သူတို့ကို CITES လို့ ခေါ်တဲ့ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် မျိုးစိတ်တွေ ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာ ကွန်ဗင်းရှင်းအဖွဲ့ကနေ ထိန်းသိမ်း စောင့်ရှောက်ထားတော့မှာ ဖြစ်ပါတယ်။
၄၉ ကောင်ကိုတော့ နေရာသစ်မှာ နေရာချထားပေးမယ်လို့ ပြည်ထဲရေးက ပြောပါတယ်။
လန်ဒန် ဟီးသရိုးလေဆိပ်ရဲ့ CITES ဆိုင်ရာအရာရှိဖြစ်သူ ဂရန့် မယ်လာကတော့ မိကျောင်းတွေကို ဒီလိုနည်းလမ်းနဲ့ သယ်လာခဲ့တယ်ဆိုတာ အခုထိ မယုံနိုင်သေးဘူးလို့ ပြောပါတယ်။