ဒုရဲမှူးကို မယုံကြည်ထိုက်တဲ့ သက်သေအဖြစ် လျှောက်ထားမှု ပယ်ချခံရ

ရိုက်တာ၊ သတင်းထောက်၊ ဒုရဲမှူး မိုးရန်နိုင်၊ အင်းဒင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မေလ ၉ရက်နေ့ ရုံးချိန်းမှာ တရားလိုပြ သက်သေအဖြစ် စစ်ဆေးဖို့အတွက် ဒုရဲမှူး မိုးရန်နိုင်ကို ခေါ်လာဖို့ တရားသူကြီး ညွှန်ကြား

ရိုက်တာ သတင်းထောက် နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းခဲ့တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှုး မိုးရန်နိုင်ကို မယုံကြည်ထိုက်တဲ့ သက်သေအဖြစ် အစိုးရ ရှေ့နေတွေရဲ့ လျှောက်ထားမှုကို မြောက်ပိုင်းခရိုင် တရားရုံးက မေလ ၂ရက်နေ့ ရုံးချိန်းမှာ ပယ်ချလိုက်ပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ရဲ့ ရဲရှေ့ ထွက်ဆိုချက်နဲ့ တရားခွင်ရှေ့ ထွက်ဆိုချက်တွေ ကွဲလွဲနေတယ် ဆိုတာ ထင်ရှားမှု မရှိတဲ့အပြင် တရားရုံးမှာ ရဲအရာရှိ တစ်ယောက်အနေနဲ့ ကျမ်းကိုင်ပြီး ထွက်ဆိုသွားချက် တွေဟာလည်း ပစ်ပယ်လို့မရပဲ ထည့်သွင်း စဉ်းစားဖို့ လိုတာကြောင့် သူ့ကို မယုံကြည်ထိုက်တဲ့ သက်သေအဖြစ် လျှောက်ထားခဲ့မှုအပေါ် မြောက်ပိုင်းခရိုင် တရားရုံးရဲ့ တရားသူကြီး ဦးရဲလွင်က ပယ်ချခဲ့တာပါ။

လက်ရှိမှာတော့ ဒုရဲမှုး မိုးရန်နိုင်ဟာ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရပြီး ပြစ်ဒဏ် ကျခံနေရလို့ ရုံးချိန်းကို လာရောက်နိုင်ခြင်း မရှိပါဘူး။

ထိန်းသိမ်း ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးကတော့ ဒုရဲမှုး မိုးရန်နိုင် ရိုက်တာ သတင်းထောက်တွေကို တွေ့ဆုံပြီး အင်တာဗျူး ဖြေပေးခဲ့လို့ ရဲစည်းကမ်း ဖောက်ဖျက်မှုနဲ့ ထောင်ချခံခဲ့ရတဲ့အပေါ် စိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ဒါဟာ သတင်းသမားတွေ အနေနဲ့ ရဲတွေကို နောက်ထပ် သတင်း ဆက်သွယ် မေးမြန်းတာတွေ မလုပ်နိုင်အောင် ပြသချင်တယ်လို့ မှတ်ယူကြောင်း ရုံးထုတ် စစ်ဆေးပြီး ထွက်လာချိန်မှာ မီဒီယာတွေကို ပြောသွားပါတယ်။

လောလောဆယ်မှာတော့ ဒုရဲမှုး မိုးရန်နိုင်ဟာ သူရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့် မရသေးပါဘူး။

ရုံးချိန်း အခြေအနေကို လာရောက်လေ့လာတဲ့ ဒုရဲမှုး မိုးရန်နိုင်ရဲ့ညီ ဦးရဲနိုင်မိုးက အစ်ကိုဖြစ်သူဟာ ရဲရှေ့ ထွက်ဆိုမှုရော တရားရုံးရှေ့ ထွက်ဆိုမှုရော မပြောင်းပဲ အရင်ကတည်းက ခိုင်ခိုင်မာမာ ရပ်တည်လာသလို တရားစီရင်ရေး စနစ်ကလည်း တိကျ ပြတ်သား ခိုင်မာတဲ့အတွက် ဝမ်းသာမိတယ်လို့ ပြောပါတယ်။

လာမယ့် မေလ ၉ရက်နေ့ ရုံးချိန်းမှာ တရားလိုပြ သက်သေအဖြစ် ဆက်လက် စစ်ဆေးဖို့အတွက် ဒုရဲမှုး မိုးရန်နိုင်ကို ခေါ်ဆောင်လာဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို မြောက်ပိုင်းခရိုင် တရားရုံးရဲ့ တရားသူကြီးက ညွှန်ကြား ပြောဆိုခဲ့ပါတယ်။