အမုန်းစကားဖြန့်မှုကို Facebook က စောင့်ကြည့်ကိုင်တွယ်မယ်

မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ခ်ရဲ့ စီမံခန့်ခွဲ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်တော့မှာ ဖြစ်ပြီး တကယ်လက်တွေ့မှာ မူဝါဒ ပိုင်း ဆိုင်ရာ ပိုမို ချမှတ်လုပ်ဆောင်ဖို့ လိုနေပြီလို့ ဖေ့စ်ဘွတ်ခ်ရဲ့ နည်းပညာ ဆိုင်ရာ အကြီးအကဲ က ဗြိတိသျှ ပါလီမန်မှာ ပြောကြား ခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ် ပေါ်မှာ ဘာသာရေး အကြမ်းဖက်မှု ဖြစ်စေတဲ့ အမုန်းစကား ဖြန့်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အခုလို ပြန်လည် သုံးသပ်ဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမုန်းစကားဖြန့်မှု အခြေအနေက ဆိုးရွား လျက်ရှိပြီး လက်တွေ့ မြေပြင်မှာ မူဝါဒပိုင်းဆိုင်ရာကို စောင့်ကြည့် ကိုင်တွယ်ဖို့ ၀န်ထမ်း အင်အား အများအပြား လိုနေတယ်လို့လည်း ဖေ့စ်ဘွတ် ရဲ့ နည်းပညာဆိုင်ရာ အကြီးအကဲ Mike Schroepfer က ပြောသွားခဲ့ပါတယ်။

လှုံ့ဆော်မှုတွေနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်ပေါ် ထိန်းချုပ်မယ်လို့ အမေရိကန် လွှတ်တော်ကြားနားပွဲ ရှေ့မှောက် ဖေ့စ်စ်ဘွတ်ခ် တည်ထောင်သူ မာ့ခ် ဇူကာဘတ် ပြောကြား ခဲ့ပြီးတဲ့နောက်၊ အခုလို ဖေ့စ်စ်ဘွတ်ခ် ထိပ်တန်း အရာရှိတစ်ယောက်က ထပ်မံ ပြောကြားလာတာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားခဲ့တယ် ဆိုတဲ့ ဝေဖန်မှုတွေကို ဖြေရှင်းဖို့ ဗြိတိသျှ ပါလီမန်က မစ္စတာ ဇူကာဘတ်ဂ်ကို ဆင့်ခေါ် ခဲ့ပေမယ့်၊ သူက လာရောက်ဖို့ ငြင်းဆို ခဲ့ပြီး ၊ သူ့ရဲ့ လက်ထောက် တစ်ယောက် ဖြစ်တဲ့ မစ္စတာ ရှရက်ပ်ဖာပဲ လာရောက် ခဲ့တာ ဖြစ်ပါတယ်။

ဗြိတိသျှ ပါလီမန် ကော်မတီ ကြားနာပွဲမှာလည်း မြန်မာ အရေးနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်ဘက်က ဘာတွေ လုပ်ဆောင် နေသလဲ ဆိုတဲ့ မေးခွန်းမျိုး ရှိခဲ့တာ ဖြစ်ပါတယ်။