နာရီပေါင်း ၃၀ ကြာတဲ့အထိ အမှိုက်ပုံမီး ငြိမ်းသတ်နိုင်ခြင်းမရှိသေး

လောင်ကျွမ်းတာ ၂ ရက်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်နားက အမှိုက်ပုံမီးကို ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်း ၅ နာရီကျော်အထိ ငြိမ်းသတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဧက ၃၀၀ လောက်ရှိတဲ့ အမှိုက်ပုံဟာ ဧပြီလ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီခွဲလောက်ကတည်းက စတင်လောင်ကျွမ်းနေတာပါ။

မီးသတ်ကား ၂၀ စီးလောက်နဲ့ ငြိမ်းနေတာတွေ့တယ် ဒါပေမဲ့ မီးတွေက ငြိမ်သွားလိုက် လေပြန်တိုက်လာရင် ငြိမ်းပြီးသား နေရာက အောက်ကနေတမြည့်မြည့်နဲ့ ပြန်လောင်ကျွမ်းလာလိုက် ဖြစ်နေတာပါ လို့ အဲဒီနေရာကို ရောက်နေတဲ့ မေတ္တာပါရမီ လူမှုကူညီရေးအသင်းက ဦးကျော်ဇင်ဦးက ဧပြီလ ၂၃ ရက်နေ့ ညနေ ၅ နာရီကျော်မှာ ဘီဘီစီကို ပြောပါတယ်။

ဧပြီလ ၂၁ ရက်နေ့ကတည်း စတင်လောင်ကျွမ်းနေတဲ့ လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန် နားက အမှိုက်ပုံ မီးလောင်ကျွမ်းမှုကို မီးသတ်ဦးစီးဌာနက ကြိုးစားငြှိမ်းသတ်နေပြီး ဧပြီလ ၂၃ ရက်နေ့ မနက်ပိုင်းအထိ စတုရန်း ဧက ၁၀၀ လောက် မီးလောင်နေတုန်းပဲလို့ မီးသတ်ဌာန Facebook မှာ ဧပြီလ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က ဖော်ပြထားပါတယ်။

မီးလောင်မှုရဲ့ မီးခိုးကြောင့် လေလမ်းကြောင်းသင့်တဲ့ မြောက်ဥက္ကလာ ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နဲ့ အခြားမြို့နယ်တွေမှာ မီးခိုးညှော်နံ့တွေဖြစ်နေတယ်လို့လည်း ဖော်ပြထားတာပါ။

အင်းစိန်မှာလည်း မနေ့ကကော ဒီကနေ့ မနက်မှာပါ အရမ်းညှော်နံ့တွေရတယ် လေကြောင်းသင့်တဲ့အချိန်ဆို ပိုဆိုးတယ်လို့ အောင်ဇေယျအိမ်ယာမှာနေထိုင်သူ တဦးက ဧပြီ ၂၃ ရက် မနက်ပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

ရန်ကင်းမှာ မနက်တုန်းက တော်တော်ဆိုးတယ်၊ အခု ၁၁ နာရီခွဲလောက်မှာတော့ ညှော်နံ့က ငြိမ်နေတယ် လို့ ၁၂ လုံးတန်း အိမ်ယာမှာနေထိုင်တဲ့ ကိုအံ့ဘွယ်ကျော်က ပြောပါတယ်။

အဲဒီအမှိုက်ပုံရဲ့ သက်တမ်းဟာ ၁၀ နှစ်ကျော်လောက်ရှိနေပြီဖြစ်တယ်လို့ ဆိုကြပြီး ရန်ကုန်မြို့က ထွက်ရှိတဲ့ အမှိုက်တော်တော်များများကို အဲဒီနေရာမှာ စွန့်ပစ်တာပါ။