ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နမ္မတီးဘက်မှာ တပ်မတော်က လေကြောင်းက တိုက်ခိုက်
ကေအိုင်အေ တပ်ရင်း ၁၁ အခြေစိုက်တဲ့ နမ္မတီးမြို့နယ် ကဆုန့်ဒေသဘက်မှာ ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး အစိုးရစစ်တပ်ဘက်က လေကြောင်းကနေ ရဟတ်ယာဉ်ပစ်ကူတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ကေအိုင်အေ သတင်းနဲ့ ပြန်ကြားရေးဌာနဘက်က ဘီဘီစီကို ပြောပါတယ်။
ကဆုန့်ရွာနဲ့ ၃ မိုင်လောက် အကွာက ကေအိုင်အေစခန်းကို လေကြောင်း ၊ လက်နက်ကြီး ပစ်ကူတွေအပြင် လှုပ်ရှားတပ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတွေလည်း နေရပ်စွန့်ခွာမှုတွေ ရှိနေတယ်လို့ ကချင်လူမှု့အဖွဲ့အစည်းတွေဘက်က ပြောပါတယ်။
ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းမှာလည်း ကေအိုင်အေ ဌာနချုပ်လိုင်ဇာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိတယ်လို့ ကေအိုင်အေ ပြန်ကြားရေးဌာနက ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ တနိုင်းဒေသဘက်မှာတော့ စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်မပြန်နိုင်ကြသေးပါဘူး။
ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲဖြစ်နေတဲ့ တနိုင်းဒေသကနေ နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ အောင်လော့ဒ်ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ မူလနေရပ်ပြန်နိုင်ရေးနဲ့ အတွက် မြစ်ကြီးနားနယ် ကက်သလစ် ဂိုဏ်းအုပ် ဆရာတော် ဖရန်စစ်ဒေါ့တန်နဲ့ အဖွဲ့ဟာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ၊ ကချင်ဝန်ကြီးချုပ်တို့နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ကြီးနားမှာလုပ်ခဲ့တဲ့ သီးခြားတွေ့ဆုံဆွေးနွေးမှု တနိုင်း အောင်လော့ဒ်ကျေးရွာကနေ တောထဲ ထွက်ပြေးကြတဲ့ ၂၀၀၀ လောက်ရှိတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေဘက်က တင်ပြခဲ့တာပါ။
ဝန်ကြီးချုပ်နဲ့ စစ်တပ်ဘက်ကတော့ အကူအညီပေးမယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် စစ်တပ်ဘက်ကတော့ နေရပ်စွန့်ခွာသူတွေ အောင်လော့ဒ်ကျေးရွာမှာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ဘာသာရေးအသင်းအဖွဲ့တွေဘက်က ကူညီပေးဖို့ ပြန်အကူအညီတောင်းခံခဲ့တာပါ။
ပိတ်မိနေသူတွေ ကယ်တာထက် တနိုင်းမြို့ပေါ်ကို တိမ်းရှောင်လာသူတွေ နေရပ်ပြန်ကြဖို့အတွက် စစ်တိုင်းမှူးက ပြောပြီး တနိုင်းမှာ စစ်ရှောင်မရှိစေရဘူးလို့ ပြောတယ်လို့
ဆွေးနွေးမှုမှာပါဝင်ခဲ့တဲ့ မြစ်ကြီးနားနယ် ခရစ်ယာန်အသင်းတော်ဥက္ကဌ ဘုန်းတော်ကြီး ပီတာခါးအောင်တူး ပြောပါတယ်။
ဒါပေမယ့်လည်း လမ်းမှာလုံခြုံရေးကအစ စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် တနိုင်းမှာ လာရောက်ခိုလုံနေတဲ့ အောင်လော့ဒ်ဒေသက ဒေသခံတွေဟာ မပြန်ကြဘူးလို့ ခရစ်ယာန်ဘုန်းတော်ကြီး ပီတာခါးအောင်တူးက ဧပြီလ ၂၀ ရက်နေ့က ဘီဘီစီကို ပြောပါတယ်။
တောထဲမှာပိတ်မိနေသူတွေနဲ့တော့ အဆက်အသွယ်မရဘဲ သူတို့ဒုက္ခရောက်နေတယ်ဆိုတာကိုဘဲသိရပြီး ဘယ်လိုကူညီပေးရမယ်ဆိုတာ လမ်းစမတွေ့သေးဘူးလို့ ဘုန်းတော်ကြီး ပီတာခါးအောင်တူးက ပြောပါတယ်။
အောင်လော့ဒ်ဒေသကနေ မိုင် ၃၀ ကျော်ဝေးတဲ့ တနိုင်းမြို့ပေါ်မှာ လာပြီးသောင်တင်နေသူ ၂၀၀ ကျော်ရှိနေပါတယ်။ အဲဒီစစ်ဘေးရှောင်တွေ မရှိခင်ကတည်းကလည်း တနိုင်းမြို့ပေါ်မှာ စစ်ဘေးရှောင် ၈၀၀ လောက်ရှိနေတာပါ၊
စစ်တပ်ဘက်ကတော့ တနိုင်းမြို့ပေါ်ကို လာခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေ အောင်လော့ဒ်ကျေးရွာသို့ နေရပ်ပြန်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းက မြို့ပေါ်မှာ လိုက်လံကြေညာခဲ့ပါတယ်။ အောင်လော့ဒ်ကျေးရွာဟာ ကေအိုင်အေ တပ်မဟာ ၂ ဌာနချုပ်နားမှာ ရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်တပ်ရဲ့စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ပြီဆိုတဲ့ ကြေညာမှုထဲမှာ ကေအိုင်အေနဲ့ အဆက်အသွယ်မရှိတဲ့သူတွေ နေရပ်ပြန်နိုင်ပြီလို့ ဆိုထားတာကြောင့်လည်း ကေအိုင်အေနဲ့ ပတ်သက်မှုရှိတယ်လို့ စွပ်စွဲခံရမလားဆိုပြီး ဒေသခံတွေအနေနဲ့ စိုးရိမ်မှုရှိနေတယ်လို့ ဒေသတွင်းလူမှု့အဖွဲ့အစည်းတွေက ပြောပါတယ်။
ဧပြီ ၂၀ ရက်နေ့မှာတော့ တပ်မတော်စစ်ကြောင်းတွေ ထိန်းထားတဲ့ အောင်လော့ဒ်ရွာဘက်ကို ကြက်ခြေနီအဖွဲ့တချို့သွားလိုက်တာရှိတယ်လို့ တနိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ဘီဘီစီကို ပြောပါတယ်။
တနိုင်းဒေသဘက်မှာ ဧပြီ ၂၀ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်ရှိနေသေးတယ်လို့လည်း တနိုင်းဒေသခံတွေက ပြောကြပါတယ်။
ကေအိုင်အေနဲ့ တပ်မတော်တို့အကြား လွန်ခဲ့တဲ့ ဇန်နဝါရီလတုန်းက တရုတ်နိုင်ငံမှာ ဆွေးနွေးခဲ့ကြဖူးပြီး တနိုင်းဘက်က ကေအိုင်အေ တပ်ရင်း ၁၄ အပါဝင် ကေအိုင်အေ တပ်ရင်းတွေကို ဖယ်ပေးဖို့ စစ်တပ်ဘက်က တောင်းဆိုခဲ့တာပါ။
တနိုင်းဒေသ အောင်လော့ဒ်ကျေးရွာနားမှာရှိတဲ့ ကေအိုင်အေ တပ်မဟာ ၂ ဌာနချုပ်ကိုတော့ ဒေသတွင်းလူထုတွေ ကြုံတွေ့နေရတဲ့ အခြေအနေအရ လွန်ခဲ့တဲ့ အပတ်ကပဲ နေရာရွှေ့ပေးလိုက်ပြီလို့ ကေအိုင်အေဘက်က ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ကချင်ဒေသမှာ ပြင်းထန်လာတဲ့ တိုက်ပွဲ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စိုးရိမ်မိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ မစ္စတာ Fahan Haq က ပြောဆိုလိုက်ပါတယ်။