ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ထန်းတောလိုက်ပုတ်ပြတ်ဝယ်ယူတာတွေကြောင့် ထန်းပင်တွေပြုန်းလာ
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာရှိတဲ့ ထန်းတောတွေကို တရုတ်ဘက်ကနေ ပွဲစားတွေကတဆင့် ထန်းတောတွေအလိုက် ပုတ်ပြတ်ဝယ်ယူတာတွေများလာတဲ့အတွက် ထန်းတော တွေပြုန်းလာတယ်လို့ ကျောက်ပန်းတောင်းဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
အပင်လိုက်ခုတ်ထားတဲ့ ထန်းပင်တွေကို နေ့စဉ် ခြောက်ဘီးကား၊ ဆယ်ဘီးကားတွေနဲ့ သယ်ယူတာ တွေရှိနေတယ်လို့ ဒေသခံတွေနဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အချို့က ပြောပါတယ်။
'' ဒီလို ထန်းတောတွေကို အပင်လိုက်ခုတ်ရောင်းတာဟာ တနေ့တခြား ပိုပိုများလာတဲ့အတွက် လွင်တီး ခေါင် ဖြစ်တဲ့နေရာတွေလည်းရှိလာနေတယ်။
ထန်းဟာ သစ်တောဥပဒေနဲ့ တားမြစ်ထားတဲ့ထဲမှာလည်း မပါတဲ့အတွက် အရေးယူမရ ဖြစ်နေတယ်။
ဒါကြောင့် ဒေသန္တရ အမိန့်နဲ့ တားမြစ်လို့ ရနိုင်မလားဆိုပြီး ဒီလ ၂၄ ရက်ကျရင် ဝန်ကြီးချုပ်ဆီ စာတင်ပြီးတောင်းဆိုသွားမယ်'' လို့ ကျောက်ပန်းတောင်းမြို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်က ဘီဘီစီကိုပြောပါတယ်။
ဒေသခံတွေကို ထန်းပင်တွေ ခုတ်မရောင်းဖို့ သွားရောက်ဆွေးနွေးခဲ့ရာမှာ ထန်းထွက်ပစ္စည်းနဲ့ ထန်းလျက် အတွက် ဈေးကောင်းရဖို့ ဈေးကွက်ရှာပေးဖို့အာမခံပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဒီတောင်းဆိုမှုကို မလုပ် ပေးနိုင်တဲ့အတွက် ဒေသခံတွေကိုမရောင်းနဲ့ လို့လည်း မတားမြစ်နိုင်ဘူးလို့ လွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်ကပြောပါတယ်။
အခုလိုထန်းပင်တွေကို ထန်းတောလိုက် ပုတ်ပြတ်ရောင်းချလာတာဟာ
' ' ထန်းလှီး၊ ထန်းတက် လုပ်ရင်လည်း တအိမ်လုံးနီးပါး လူလေးငါးယောက်ပေါင်းလုပ်ရတာ။ ဝင်ငွေအနေနဲ့ ကျတော့ တရက်မှ တသောင်းကနေ ၂သောင်းလောက်ပဲရတာဆိုတော့ တွက်ချေမကိုက်ဘူး။
ထန်းလျက် ဈေးကလည်း တပိသာမှ တစ်ထောင်ကျော်ပဲရှိတယ်။ ထန်းလျက်ဈေးတက်ရင်လည်း သကြားတွေ ကြံသကာကွက်တွေရောပြီး ဈေးကွက်တင်ကြတယ်။
ထန်းလျက်ကလည်း ဈေးကွက် ပျောက်သလောက်ဖြစ်လာတယ်။ ဒါကြောင့် နိုင်ငံခြားထွက်တဲ့သူကထွက် တခြား အလုပ်လုပ်တဲ့သူကလုပ်နဲ့ ထန်းတက်သမားလည်းမရှိသလောက်ရှားလာတယ်။
ထန်းတော ပိုင်ရှင်တွေ ကလည်း ဒီတိုင်းပစ်ထားရမယ့်တူတူ မထူးဘူးဆိုပြီး အခင်းလိုက်တွေ ရောင်းလာ ကြတာ'' လို့ ကျောက်ပန်းတောင်းမြို့ခံ ဦးအောင်ဟိန်းကဘီဘီစီကိုပြောပါတယ်။
ထန်းပင်တပင် အရွယ်ရောက်လာဖို့ ၁ဝ နှစ် ၁၅ နှစ်ခန့် ကြာမြင့်တာဖြစ်ပြီး အညာဒေသမှာ သဘာ၀ အလျှောက် ပေါက်လေ့ရှိတဲ့အပင်မျိုးဖြစ်ပေမယ့် အစုအပြုံလိုက်ခုတ်ယူနေတာကြောင့် မျိုးတုံးသွား မှာကို စိုးရိမ်နေကြ တာလည်းဖြစ်ပါတယ်။
မြန်မာ့ထန်းပင်တွေ ပြုန်းတီးပျောက်ကွယ်သွားမှာစိုးရိမ်နေတဲ့ သူအချို့က တော်ဝင်ထန်းဆိုတဲ့ အဖွဲ့တခုဖွဲ့ကာ ပုဂံ ညောင်ဦးနဲ့ ကျောက်ပန်းတောင်း ကားလမ်းတလျှောက်က ထန်းပင်တွေကို ကျပ်ငွေ သိန်း ၃ဝဝ နဲ့မတည်ကာ ဝယ်ယူပြီး ထိန်းသိမ်းထားနိုင်ဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။