နမ့်ခမ်းမြို့နယ်မှာ လူ ၂၀ကျော် ဖမ်းဆီးခံရပြီး ငွေနဲ့ပြန်ရွေးခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, U TIN MAUNG THEIN FACEBOOK
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ထဲက ဝါရော်ရွာကနေ ကလေး ၁၇ ယောက်၊ လူကြီး ၄ယောက်ကို တီအန်အယ်လ်အေ၊ တအာန်းလွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးပြီး ငွေပေးမှ လွတ်ပေးတာရှိသလို ဆက်ဖမ်းထားတာ ရှိတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောကြားချက်အရသိရပါတယ်။
ပန်းဆေးပြည်သူ့စစ် စိုးမိုးတဲ့ နမ့်ခမ်းမြို့နယ်ထဲက ဝါရော်ရွာကနေ အသက် ၈နှစ်အရွယ်ကနေ ၁၄ နှစ်ထိရှိတဲ့ ကလေး ၁၇ ယောက်နဲ့ အသက် ၅၀ ကျော် လူကြီး ၄ယောက်ဟာ ပြီးခဲ့တဲ့ရက်ကဖမ်းဆီးခံခဲ့ရပါတယ်။
ဖမ်းဆီးခံရသူတွေကို တယောက်ကို ၃၆ သိန်းနဲ့ ၁၆ ယောက် ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါ တယ်။ ၁၆ ယောက်ကို ငွေနဲ့ရွေးပြီး တယောက်ကတော့ ငွေမပေးရဘဲ ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် လူကြီး ၄ယောက်ကတော့ ဆက်ပြီးဖမ်းခံထား ရတယ်လို့ ဒေသခံအချို့ကဘီဘီစီကို ပြောပါတယ်။
ပန်းဆေး ပြည်သူ့စစ်ရှိတဲ့ ပန်းဆေးရွာနဲ့ ကလေးတွေဖမ်းသွားတဲ့ ဝါရော်ရွာက ၈နာရီလောက် လမ်းလျှောက်မှ ရောက်တဲ့ ရွာဖြစ်ပေမယ့် ဖမ်းခံရသူတွေရဲ့မိသားစုဝင်တွေက အကြောင်းမကြားရဲဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စကို တီအန်အယ်လ်အေဘက်ကို ဆက်သွယ်မေးကြည့်တော့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်အိုက်ကျော်က သူတို့အဖွဲ့ လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ဒေသခံတွေကတော့ ပန်းဆေးနဲ့ ဝါရော်ကြား နုံအယ်ရွာမှာလည်း ပြီးတဲ့အပတ်က လူ ၄ ယောက်ဖမ်းခံရပြီး ၄ယောက်လုံး ကို ၄၉ သိန်းနဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဆိုပါတယ်။
တီအန်အယ်လ်အေဘက်ကတော့ ဖြစ်စဉ်ခိုင်လုံတိကျတယ်ဆိုရင် သူတို့ကိုအကြောင်းကြားရင် ထိထိ ရောက်ရောက် အရေးယူပေးနေတယ်လို့ ပြန်လည်ပြောဆိုထားပါတယ်။




