ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစိုးရစစ်တပ်နဲ့ ကေအန်ယူတို့ မတ်လကုန်ပိုင်းမှာ တွေ့ဆုံဖို့ရှိ
ကရင်ပြည်နယ် မြောက်ပိုင်း ဖာပွန်ခရိုင်မှာ ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူနဲ့ တပ်မတော်တပ်ဖွဲ့တွေကြား ဖြစ်ပွားခဲ့တဲ့ စစ်ရေးတင်းမာမှုတွေကို ပြေလည်အောင် ဖြေရှင်းဖို့အတွက် လာမယ့် မတ်လ ၂၉ နဲ့ ၃၀ ရက်တို့မှာ ကေအန်ယူနဲ့ တပ်မတော် ကိုယ်စားလှယ်တွေ ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ တွေ့ဆုံညှိုနှိုင်းကြတော့မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ မတ်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ၃ ရက်တာ ကျင်းပခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အစည်းအဝေးအပြီးမှာ အခုလို နှစ်ဖက် ခေါင်းဆောင်တွေက သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလကုန်ပိုင်းမှာ ကျင်းပမယ့် ဆွေးနွေးပွဲမှာ ဘယ်သူတွေ တတ်ရောက်မယ်ဆိုတာတော့ လောလောဆယ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမယ့် နှစ်ဖက်တွေ့ဆုံတဲ့ အခါမှာ တပ်နေရာ ချထားရေးနဲ့ နယ်မြေကန့်သတ်ရေးတို့မှာ ညှိုနှိုင်းဖို့ လိုတယ်လို့ JMC ရဲ့ ဒုဥက္ကဌလည်းဖြစ် ကေအန်ယူရဲ့ တပ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးလည်း ဖြစ်တဲ့ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက ဘီဘီစီကို ပြောပါတယ်။
တစ်ဖက်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု တည်ဆောက်ရာမှာလည်း လက်နက်ကိုင် တပ်ဖွဲ့ကြား သာမက ပြည်သူ့ဆန္ဒကိုလည်း ထည့်သွင်း စဉ်းစားရမယ်လို့လည်း ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက အကြံပြုပါတယ်။
ကေအန်ယူဟာ ၂၀၁၅ ခုနှစ်ကတည်းက NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားခဲ့ပေမယ့် အဲဒီ့နောက်ပိုင်း ဖာပွန်ခရိုင်မှာ တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့တာတွေ ရှိပါတယ်။
၂၀၁၈ ခုနှစ် မတ်လ အစောပိုင်းမှာလည်း ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားခဲ့လို့ ဒေသခံ ကရင်ရွာသား နှစ်ထောင်လောက် တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒါကြောင့်လည်း NCA ပါသဘောတူညီချက်တွေကို အားလုံးက လိုက်နာ ကျင့်သုံးဖို့ လိုသလို စာချုပ်ပါ အချက်အလက်တွေကို တူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှု၊ နားလည်သဘောပေါက်မှုနဲ့ မျှော်မှန်းချက်တို့ ရှိဖို့ လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောပါတယ်။