ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နုတ်ထွက်သွားတဲ့ သမ္မတ ဦးထင်ကျော်ရဲ့ လုပ်ဆောင်ချက်အချို့
နုတ်ထွက်သွားတဲ့ သမ္မတ ဦးထင်ကျော်ဟာ နိုင်ငံတော် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြောဆိုမှု နည်းပါးခဲ့ပြီး သမ္မတရာထူးကို လက်ခံရယူစဉ်က ၂ မိနစ်ကျော်ကြာသာ ပြောဆိုခဲ့တာပါ။
ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းကတော့ ကမ္ဘာမှာ မာရသွန်မိန့်ခွန်းအဖြစ် စံချိန်တင်ခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ၃ နာရီကျော်ကြာ မိန့်ခွန်းနဲ့ မြန်မာ သမ္မတရဲ့ ၂ မိနစ်ကျော်ကြာမိန့်ခွန်းကို နှိုင်းယှဉ်ပြမှုတွေ ရှိခဲ့ပါတယ်။ တချို့ကတော့ လစဉ် မိန့်ခွန်းပြောလေ့ရှိတဲ့ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ နှိုင်းယှဉ်ကြပါတယ်။
သတင်းမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းခန်း ဒါမှမဟုတ် သတင်းစာရှင်းလင်းမှု မလုပ်ခဲ့တဲ့ ကိစ္စတွေလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ ကလေးစာပေပွဲတော်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဦးဆောင်ကျင်းပခဲ့မှုတွေ အပေါ်မှာတော့ ထောက်ခံမှုတွေ ရရှိခဲ့တာတွေ့ရပါတယ်။
သမ္မတသက်တမ်း နှစ်နှစ်အတွင်း ထူးခြားမှုအနေနဲ့ကတော့ ၂၀၁၈ ခုနစ် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်နဲ့အညီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ အခြေခံဥပဒေပြင်ဆင်ရေးကို ထည့်သွင်းခဲ့တာတွေ့ရပါတယ်။
သူ့လက်ထက်မှာ ၂၁ ပင်လုံ အစည်းအဝေးတွေကို နှစ်ကြိမ်တိုင်ကျင်းပခဲ့ပေမဲ့ အဲဒီအစည်းအဝေးဖွင့်ပွဲအခမ်းအနားတွေမှာ သူ့အနေနဲ့ မိန့်ခွန်းပြောဆိုတာ မရှိခဲ့ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကတော့ နှစ်ကြိမ်စလုံး မိန့်ခွန်းပြောခဲ့ပါတယ်။
နိုင်ငံအတွက် အရေးကြီးတဲ့ ရခိုင်အရေးလို ကိစ္စတွေ ပေါ်ပေါက်နေချိန်မှာ နိုင်ငံတော် အခြေပြမိန့်ခွန်းအဖြစ် သံတမန်တွေကို ဖိတ်ကြားပြီး နေပြည်တော်မှာ မိန့်ခွန်း ပြောခဲ့သူက ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်ပါတယ်။
သမ္မတ ဦးထင်ကျော်အစိုးရတက်စမှာ နိုင်ငံသားအကျဉ်းသားအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေတာ ၊ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုဝင်အချို့ ပြည်ဝင်ခွင့် မရသေးတာ စတဲ့ ကိစ္စတွေကတော့ ဆက်ရှိနေခဲ့ပါတယ်။