ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အရပ်ဖက် စစ်ဖက် ခေါင်းဆောင်တွေရဲ့ နှစ်သစ်ကူး စကား
သမ္မတ ဦးထင်ကျော်ရဲ့ နှစ်သစ်ကူး ဆုတောင်းထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အစိုးရကို ဦးဆောင်ဖွဲ့ ခဲ့တုန်းက ပေးထားခဲ့တဲ့ ကတိကဝတ်တွေကို အတိုင်းအတာ တစ်ခုထိ အောင်မြင်အောင် ဆောင်ရွက် နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဦးထင်ကျော် သမ္မတ တာဝန်ကို ရယူခဲ့တဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ပြောဆိုခဲ့တာ ကတော့ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ် လာရေးနဲ့ ပြည်သူတွေရဲ့ လူမှု စီးပွား ဘဝ မြင့်မား တိုးတက် လာရေး တွေကို လုပ်ဆောင် သွားမယ်လို့ ဆိုထားခဲ့တာ ဖြစ်ပြီး၊ ဒီ အချက်တွေ အထိုက်အလျောက် အောင်မြင်မှုတွေ ရခဲ့တယ်လို့ နှစ်သစ်ကူး မိန့်ခွန်းထဲ ထည့်သွင်း ပြောပါတယ်။
အဲဒီ ကတိကဝတ်တွေကို လက်တွေ့ အကောင်အထည် ဖော်နေတဲ့ လုပ်ငန်းစဉ် အဖြစ် ပင်လုံ ငြိမ်းချမ်းရေး ညီလာခံတွေ လုပ်ဆောင် နေတဲ့ အချက်ကို သမ္မတက သူ့ရဲ့ မိန့်ခွန်းထဲ ရည်ညွှန်း ပြောဆို ခဲ့ရင်းမှာပဲ စိန်ခေါ်မှုတွေ အခက်အခဲတွေ ရှိနေတဲ့ အချက်ကိုလည်း အသိအမှတ်ပြု ပြောဆို သွားပါတယ်။
တခါ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာလည်း လွတ်လပ်ရေး ရပြီး အနှစ် ၇ဝ သမိုင်းက ပေးတဲ့ သင်ခန်းစာ အရ ပြည်သူတွေ အတွက် အရေးကြီးဆုံး လိုအပ် ချက်တွေက ဘာတွေ ဆိုပြီး ပြောဆိုသွားပါတယ်။
နိုင်ငံတော်ရဲ့ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်းလုံးညီညွတ်ရေး တို့ဟာ ပြည်သူပြည်သား အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားတာပါ။
ပြည်တွင်း ငြိမ်းချမ်းရေး၊ ပြည်သူတွေ စည်းလုံး ညီညွတ်ရေး ကိစ္စတွေကို အရပ်ဖက် စစ်ဘက် ခေါင်းဆောင်တွေက နှစ်သစ်ကူး မိန့်ခွန်းတွေထဲ အသီးသီး ပြောနေကြချိန်မှာ လက်တွေ့ မြေပြင် ပေါ်က အခြေအနေတွေမှာတော့ တိုင်းရင်းသား နယ်မြေ တချို့မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ရှိနေပြီး၊ အထူးသဖြင့် ကချင်ပြည်နယ်ထဲ အခုရက်ပိုင်းတွေ အတွင်း တိုက်ပွဲတွေ ပြင်းထန် နေတာ တွေ့နေရပါတယ်။