ရခိုင်အရေး တပ်နဲ့ ရဲ အရာရှိတွေကို အရေးယူ

ဓာတ်ပုံ ရင်းမြစ်, EPA
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့ တွေရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုတွေ အတွင်း လိုက်ဆောင်ရွက် ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့တဲ့ အတွက် တိုင်းမှူး တယောက်နဲ့ ရဲမှူးချုပ် တယောက် အပါအဝင် တာဝန်ရှိ သူတွေကို အရေးယူထားပါတယ်။
ရခိုင်ပြည်နယ် ဆိုင်ရာ အခြေအနေတွေနဲ့ ရခိုင်ပြည်နယ် ကနေ နေရပ် စွန့်ခွာ သွားသူတွေကို ပြန်လည် စိစစ်ရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို မတ်လ ၁၄ ရက်နေ့က နေပြည်တော်မှာ ပြုလုပ် ခဲ့ရာမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DIBYANGSHU SARKAR
သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းက နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက် ခံရချိန်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးက ဗိုလ်ချုပ် မောင်မောင်စိုး ဖြစ်ပါတယ်။
လောလောဆယ် သူ့ကို တိုင်းမှူးတာဝန်က အနားပေး ထားပြီး တပ်မတော် အရန်အင်အား စာရင်းထဲမှာ ထည့်ထားပါတယ်။
အမေရိကန် ကလည်း သူ့ကို ပိတ်ဆို့ အရေးယူထားပါတယ်။
အလားတူ အဲဒီအချိန်က နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးချုပ် သူရစန်းလွင် ကိုလည်း နေပြည်တော်ကို ပြောင်းရွှေ့လိုက်ပါတယ်။
ပထမဆုံး အကြိမ် နယ်ခြားစောင့် ရဲစခန်း ၃ ခု တိုက်ခိုက်ခံခဲ့ရတုန်းက နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူး ဖြစ်ခဲ့တဲ့ ရဲမှူးချုပ် ကိုတော့ ထောင်ဒဏ် တစ်နှစ် အပြစ် ပေးလိုက်ပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိကြီး ကတော့ ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ စုစုပေါင်း ၃၈၀ ကျော်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အခုလို အရေးယူ ဆောင်ရွက်တာတွေ အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး တိမ်းရှောင် သွားသူ တွေကို ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့လည်း မြန်မာ ဘက်ခြမ်းက အဆင့်သင့်ဖြစ်နေကြောင်းနဲ့ ပြန်လာတဲ့သူ တွေကို ကြားစခန်းမှာ အများဆုံး တစ်လသာ ထားရှိမယ်လို့ တာဝန် ရှိသူတွေက ရှင်းပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဘက်က ပေးပို့လာတဲ့လူ ၈၀၀၀ စာရင်းထဲက စိစစ်ပြီးသူ ၃ဝဝ စာရင်းကို ဘင်္ဂလားဒေ့ရှ် အစိုးရထံ ပြန်လည်ပေးပို့ထားပြီးကြောင်းနဲ့ အခုလ လယ်လောက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို နိုင်ငံတကာ မီဒီယာတွေ သွားနိုင်ဖို့ စီစဉ်ထားတယ်လို့ ပြန်ကြားရေး ဒုတိယ ဝန်ကြီးကပြော ပါတယ်။









