နိုင်ငံတကာက ဒေါ်အောင်ဆန်း စုကြည်အပေါ် အမြင်ပြောင်းလဲဖို့လို

ဓာတ်ပုံ ရင်းမြစ်, EPA
အာဏာရှင် အစိုးရ လက်ထက်က မြန်မာ နိုင်ငံ လူ့အခွင့်အရေး အတွက် ရပ်တည် လှုပ်ရှားဆောင်ရွက်ခဲ့မှု တွေကြောင့် ဒီမိုကရေစီရဲ့ သင်္ကေတ၊ လူ့အခွင့်အရေး ချံပီယံ ဆိုပြီး နိုင်ငံတကာက ဒေါ်အောင်ဆန်း စုကြည်ကို အပ်နှင်းခဲ့တဲ့ ဆုတွေ တစ်ခုပြီး တစ်ခု ပြန်ရုပ်သိမ်း နေရာမှာ အခုနောက်ဆုံး အမေရိကန် ပြည်ထောင်စု ဟောလိုကော့စ် ပြတိုက်က ပေးတဲ့ အဲလာ ဗီဆဲလ် လူ့အခွင့်အရေး ဆုကို အမေရိကန်က ရုပ်သိမ်းလိုက်ပါတယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေ၊ နိုင်ငံသားတွေ အနေနဲ့ အမုန်းတရား တွေဆန့်ကျင်ဖို့၊ လူမျိုးတုန်း သတ်ဖြတ်မှု တွေကို တားဆီးဖို့၊ လူ့ဂုဏ်သိက္ခာ မြှင့်တင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ အဲဒီ ပြတိုက်ကို ဖွင့်လှစ် ထားတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်း စုကြည်က ရခိုင်ပြည်နယ်အတွင်း လူ့အခွင့် အရေး အခြေအနေတွေ ဆိုးရွားနေတာကို ရပ်တန့်အောင် လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့လို့ အခုလို ရုပ်သိမ်း ရတာလို့ သူတို့က ဆိုပါတယ်။
မြန်မာ့အရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ရခိုင်မြောက်ပိုင်း အရေးနဲ့ ပတ်သက်လို့ ဆုတွေ ရုပ်သိမ်းတာ ဆိုရင် ဝိဝါဒ ကွဲစရာတွေ အများကြီး ရှိတယ်လို့ ပြောပါတယ်။
နိုင်ငံတကာဘက်က ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ မွတ်ဆလင်တွေ ဘက်ကနေ ရပ်တည်ပြီး တပ်မတော်နဲ့ ပြတ်ပြတ်သားသား ရင်ဆိုင်ဖို့ ဖိအားပေးလိုတဲ့ သဘောနဲ့ ဆုတွေ ရုပ်သိမ်းတာလို့ ယူဆကြောင်း သူက ပြောပါတယ်။
မြန်မာနိုင်ငံ အရေးကို ကြည့်ရာမှာ ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ ကြည့်မြင်ပုံချင်း ကွဲလွဲ နေတယ်လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ကို ဗဟိုပြုနေတဲ့ ဒီမိုကရက်တစ် နိုင်ငံရေးအုပ်စု၊ တပ်မတော်နဲ့ တပ်မတော်ကို ထောက်ခံတဲ့ အုပ်စု၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်သား ပြည်သူတွေပါတဲ့ အုပ်စုက တစ်စု ဆိုပြီး သုံးစု ကြာမှာ ညှိနှိုင်းဖြေရှင်းနေရတဲ့ ပြဿနာကို တွန်းအားပေးဆောင်ရွက်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။
ဒီအုပ်စု သုံးစုရဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင် ရခိုင် ပဋိပက္ခ အပါအဝင် ဘယ်ပြဿနာကိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ဦးမောင်မောင်စိုးက သုံးသပ် ပါတယ်။
ဒေါ်အောင်ဆန်း စုကြည်က အစိုးရ အဖွဲ့မှာ တာဝန်ရှိသူ တစ်ယောက်ဖြစ်နေပြီမို့ လက်တွေ့ကျတဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ဖြတ်သန်း နေရတယ်၊ အရင် အတိုက်အခံ ဘဝကလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဲ့ သင်္ကေတ ဖြစ်ခဲ့တဲ့ အခန်း ကဏ္ဍကို မျှော်လင့်ဖို့ မသင့်တဲ့ အတွက် နိုင်ငံရေးသမား အနေနဲ့ ပြောင်းပြီး ကြည့်ဖို့ လိုတယ်လို့ ဆိုပါတယ်။








