ကဆုန်လပြည့်အထိမ်းအမှတ် အကျဉ်းသား ၁၅၀၀ ကျော်လွှတ်ပေး

အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးက နိင်ငံရေးအကျဉ်းသား/သူ ၁၅၀၀ ကျော်ကို ကဆုန်လပြည့်အထိမ်းအမှတ်အနေနဲ့ လွတ်ငြိမ်းပေးတဲ့သတင်းအပါအဝင် ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား/သူ ၁၅၀၈ ယောက်နဲ့ နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ယောက်တို့ကို နေပြည်တော် လွတ်ငြိမ်းပေး
  • ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်၊ဒါရိုက်တာအောင်ချမ်းလူတို့အပါအဝင် ရွေးကောက်ပွဲကာကွယ်တားဆီးဥပဒေနဲ့ထောင်ဒဏ်ချမှတ်ခံထားရတဲ့သူအချို့ ရန်ကုန်၊အင်းစိန်ထောင်ကနေ ပြန်လွတ်
  • ဘုရားသုံးဆူမြို့၊ မက္ကသာ သတ္တုတွင်းကို စစ်တပ်က လေကြောင်းကြဲတာကြောင့် ၁၃ ယောက် ထိခိုက်ဒဏ်ရာရပြီး ထိုင်းနိုင်ငံ ကချနာဘူရီဆေးရုံနဲ့ စန်ခလဘူရီ ဆေးရုံတွေကို ပို့ထားရ
  • K နဲ့ရောစပ်ထားတဲ့ ရှီရှားကို သုံးစွဲနေတာ များလာတဲ့အတွက် ရှီရှားရောင်းချတာနဲ့ သုံးစွဲတာတွေ ဇွန် ၁ ကစလို့ ကိုးကန့် တားမြစ်
  • အင်းတော်မြို့ဘက်ကို ဦးတည်လာတဲ့စစ်ကြောင်းကိုကာဖို့အတွက် ဧပြီ ၃၀ ရက် နေ့လယ်ကစပြီး လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေ
  • အင်စတာဂရမ်မှာဝေမျှခဲ့တဲ့ ဓာတ်ပုံတစ်ပုံက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အသက်ကို ခြိမ်းခြောက်နေတယ်လို့ဆိုပြီး အက်ဖ်ဘီအိုင်အကြီးအကဲဟောင်း ဗာဂျီးနီးယားတရားရုံးမှာ စွပ်စွဲချက်တွေကို ရင်ဆိုင်
  • ချင်းပြည်နယ်မင်းတပ်မြို့အနီးက ကျောက်ထု၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းနဲ့ ထီးလင်းမြို့နယ်တွေကို တစ်ရက်တည်းမှာ ဆက်တိုက် ဗုံးကြဲခံနေရ
  • ဒုတိယသမ္မတ၂ အပါအဝင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ၊ သမ္မတရုံး ဒုဝန်ကြီးတွေရဲ့မဲဆန္ဒနယ်တွေမှာ အမတ်တွေအစားထိုးခန့်အပ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဧပြီလ ၃၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ ပြီးပါပြီ။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ကဆုန်လပြည့်လွတ်ငြိမ်း ဒေါ်အောင်ဆန်းစုကြည်မပါပြန်

    အာဏာသိမ်းတဲ့ ၂၀၂၁ ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ ခုထိမလွတ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images/ပုံဟောင်း

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းတဲ့ ၂၀၂၁ ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ ခုထိမလွတ်သေး။

    ကုလသမဂ္ဂနဲ့ အာဆီယံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းနေကြပေမဲ့ ကဆုန်လပြည့်နေ့လွတ်ငြိမ်းမှာလည်း ပါမလာပြန်ပါဘူး။

    ဒါပေမဲ့ ထောင်ဒဏ် ခြောက်ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့အထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်အတွက် အကျုံးဝင်ပါတယ်။ဒီလိုလျှော့ပေါ့ပေးပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်မှာ ထောင်ဒဏ်နှစ် ၂၀ အောက်ကျန်ရှိဦးမှာ ဖြစ်ပါတယ်။

    ထောင်ဒဏ်လျှော့ပေါ့တာဟာ လွတ်မြောက်ခြင်း မဟုတ်ဘူး လို့ ကဆုန်လပြည့်လွတ်ငြိမ်းထုတ်ပြန်ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းက လူမှုကွန်ရက်မှာရေးပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ဒုသမ္မတ နန်းနီနီအေးနဲ့ ဝန်ကြီးနှစ်ယောက်နေရာကို လွှတ်တော်ကိုယ်စားလှယ်တွေအစားထိုး

    ဒုသမ္မတ ၂ နန်းနီနီအေးရဲ့ လွှတ်တော် ကိုယ်စားလှယ်နေရာကို ဦးအောင်မြင့်သိန်းကို အစားထိုးခန့်အပ်

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, ဒုသမ္မတ ၂ နန်းနီနီအေးရဲ့ လွှတ်တော် ကိုယ်စားလှယ်နေရာကို ဦးအောင်မြင့်သိန်းကို အစားထိုးခန့်အပ်

    ဒုတိယသမ္မတ၂ ဒေါ်နန်းနီနီအေး အပါအဝင် အစိုးရအဖွဲ့ထဲရောက်သွားသူတွေရဲ့လစ်လပ်မဲဆန္ဒနယ်နေရာတွေကိုလွှတ်တော်အမတ်တွေ အစားထိုးခန့်အပ်လိုက်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကကြေညာပါတယ်။

    ဒီရွေးကောက်ပွဲမှာမှစတင်တဲ့ အချိုးကျကိုယ်စားပြုစနစ်နဲ့၀င်ရောက်ယှဥ်ပြိုင်ကြသူတွေဖြစ်လို့ကြားဖြတ်ရွေးကောက်ပွဲကျင်းပစရာမလိုဘဲဦးစားပေးအစီအစဥ်အတိုင်းအစားထိုးခန့်အပ်လိုက်တာဖြစ်ပါတယ်။

    ဒုတိယသမ္မတ၂ အပြင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်နဲ့ သမ္မတရုံး ဒုဝန်ကြီးဦးထင်ကျော်တို့ရဲ့မဲဆန္ဒနယ်တွေမှာလည်း အမတ်တွေအစားထိုးခန့်အပ်လိုက်ပါတယ်။

    ဒေါ်နန်းနီနီအေးရဲ့ ကရင်ပြည်နယ်လွှတ်တော်၊ ဘားအံမြို့နယ်၊ ကိုယ်စားလှယ် အမှတ် ၂ နေရာကို ဦးအောင်မြင့်သိန်းနဲ့ အစားထိုးပါတယ်။

    ဦးမြင့်ကြိုင်ရဲ့ ဧရာဝတီတိုင်း အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြု၊ မဲဆန္ဒနယ် အမှတ် ၁ နေရာကို ဦးပြုံးချိုရောက်လာပါတယ်။

    သမ္မတရုံးဒုဝန်ကြီး ဦးထင်ကျော်သူရဲ့ လစ်လပ်သွားတဲ့ ရန်ကုန်တိုင်းလွှတ်တော်၊ မဲဆန္ဒနယ် အမှတ် ၁ နေရာကို တော့ ဦးအောင်ပြည့်ဖြိုး နဲ့အစားထိုးပါတယ်။

    ဒုသမ္မတ ၁ ဦးညိုစောအပါအဝင် နိုင်သူအကုန်ယူစနစ်နဲ့ နိုင်ခဲ့တဲ့ အမတ်တချို့ အစိုးရအဖွဲ့ထဲရောက်သွားပေမဲ့ သူတို့ရဲ့မဲဆန္ဒနယ်တွေမှာတော့ ကြားဖြတ်ရွေးကောက်ပွဲလုပ်ပေးရမှာဖြစ်ပါတယ်။

  4. ချင်းနဲ့ မကွေးအစပ်နေရာတွေ ဆက်တိုက်လေကြောင်းဗုံးကြဲခံရ

    ဧပြီ ၂၉ ရက်က လေကြောင်းဗုံးကြဲခံရတဲ့ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ မုန်းချောင်းတံတား

    ဓာတ်ပုံ ရင်းမြစ်, ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)

    ဓာတ်ပုံ ပုံစာ, ဧပြီ ၂၉ ရက်က လေကြောင်းဗုံးကြဲခံရတဲ့ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ မုန်းချောင်းတံတား

    ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်ကမြို့တွေ ဗုံးကြဲခံနေရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ဘီဘီစီကိုပြောပါတယ်။

    ချင်းပြည်နယ်မင်းတပ်မြို့အနီးက ကျောက်ထု၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်းနဲ့ ထီးလင်းမြို့နယ်တွေကို ဧပြီ ၃၀ တစ်ရက်တည်းမှာတင် လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်သွားတယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ ယောအလင်းတန်းက ကိုမင်းဒဿက ပြောပါတယ်။

    မင်းတပ်နဲ့ ကျောက်ထုကြားက ကံကြီးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကစပြီး ကျောက်ထုအမြောက်တပ်ဖွဲ့ဝင်တွေ တပ်စွဲနေတဲ့နေရာကို ကာကွယ်ပစ်ခတ်ပေးတဲ့အနေနဲ့ လေကြောင်းဗုံးကြဲတာလို့ စစ်ရေးအရင်းအမြစ်တွေက ယူဆကြပါတယ်။

    ကံကြီးရွာဟာ မင်းတပ်မြို့ရဲ့ တောင်ခြေကျေးရွာဖြစ်ပြီး မကွေးတိုင်း ယောနယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်ပေးထားတဲ့ အချက်အချာလမ်းနေရာလို့လည်း ကိုမင်းဒဿက ပြောပါတယ်။

    ဂန့်ဂေါမြို့နယ်မှာတော့ စစ်သုံ့ပန်းတစ်ယောက် ဧပြီ ၂၄ ရက်မှာ ထွက်ပြေးသွားပြီး စစ်တပ်နဲ့ပြန်ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးအဖွဲ့တွေ ရှိနိုင်တဲ့ နေရာတွေကို ဗုံးကြဲတာလို့ ကိုမင်းဒဿက ပြောပါတယ်။

    “စစ်သုံ့ပန်းလွတ်သွားပြီးတာနဲ့ စခန်းရွှေ့လိုက်ကြတော့ ထိခိုက်သူ မရှိဘူး”လို့ သူက ပြောပါတယ်။

    ထီးလင်းကတော့ တိုက်ပွဲမရှိဘဲ လေကြောင်းပစ်ခတ်သွားတာလို့ သိရပါတယ်။

    ချင်းညီ‌နောင်နဲ့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့က မုန်းချောင်းတံတားကို ဧပြီး ၂၉ ရက် က လေကြောင်းဗုံးကြဲတာကြောင့် တံတားပြင်နေတဲ့သူ အပါအဝင် ၉ ယောက်သေဆုံးပြီး ၃ ယောက် ထိခိုက်တယ်လို့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောပါတယ်။

    ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်က ကျောက်ထုမြို့ အမြောက်တပ် ၃၆၈ ကို ဧပြီ ၂၉ နဲ့ ၃၀ ရက်တွေမှာ ရိက္ခာနဲ့ လက်နက်တွေ ဆက်တိုက်ချပေးနေပြီး အင်အားဖြည့်တာတွေလည်း ရှိနေတာကြောင့် စစ်ရေးသတိထားကြဖို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေ သတိပေးနေကြပါတယ်။

  5. ထရမ့်ကိုသတ်ဖို့ ခြိမ်းခြောက်တယ်ဆိုတဲ့စွပ်စွဲချက် FBI အကြီးအကဲဟောင်းဘာပြောလဲ

    ဗုဒ္ဓဟူးနေ့က ဗာဂျီးနီးယားတရားရုံးရှေ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဗုဒ္ဓဟူးနေ့က ဗာဂျီးနီးယားတရားရုံးရှေ့မြင်ကွင်း

    အင်စတာဂရမ်မှာဝေမျှခဲ့တဲ့ ဓာတ်ပုံတစ်ပုံက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့အသက်ကို ခြိမ်းခြောက်နေတယ်လို့ စွပ်စွဲခံရတဲ့ အက်ဖ်ဘီအိုင်အကြီးအကဲဟောင်းဂျိမ်းစ်ကိုမေဟာ ဗုဒ္ဓဟူးနေ့က ဗာဂျီးနီးယားတရားရုံးကိုသွားရောက်ပြီးစွပ်စွဲချက်တွေကို ရင်ဆိုင်ခဲ့ပါတယ်။

    ပင်လယ်ကမ်းခြေမှာခရုခွံတွေကို 86 47 လို့ဖတ်လို့ရအောင်စီထားတဲ့ ဓာတ်ပုံတစ်ပုံကို ကိုမေက ၂၀၂၅ ခုနှစ်မှာ ပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်။

    86 ဆိုတာ ရှင်းလင်းပစ် လို့ အဓိပ္ပါယ်ရတဲ့ ဗန်းစကားဖြစ်ပြီး ဒါဟာ ၄၇ ယောက်မြောက် အမေရိကန်သမ္မတဖြစ်တဲ့ထရမ့်ကို အကြမ်းဖက်ဖို့ တိုက်တွန်းတာလို့ အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။

    ဒီကိန်းဂဏန်းတွေဘာကိုဆိုလိုတယ်ဆိုတာကိုမသိကြောင်းနဲ့ စွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်ပြီး သူအမှားမကျူးလွန်ထားဘူးလို့ကိုမေက ပြောခဲ့ပါတယ်။

    ပင်လယ်ကမ်းခြေမှာခရုခွံတွေနဲ့စီထားတဲ့ 86 47

    ဓာတ်ပုံ ရင်းမြစ်, Instagram

    ဓာတ်ပုံ ပုံစာ, ပင်လယ်ကမ်းခြေမှာခရုခွံတွေနဲ့စီထားတဲ့ 86 47

    ထရမ့်ကိုအမြဲလိုလိုဝေဖန်ခဲ့တဲ့ကိုမေကို တရားရေးဝန်ကြီးဌာနက ဒီတကြိမ်အပါအဝင် ရာဇဝတ်မှုနဲ့ နှစ်ကြိမ်စွပ်စွဲခဲ့ပြီးဖြစ်ပါတယ်။

    ဗုဒ္ဓဟူးနေ့ကဗာဂျီးနီးယားတရားရုံးကိုလာရောက်ရာမှာ ကိုမေဟာ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့အသနားမခံခဲ့ပါဘူး။

    ထရမ့်ကိုဆန့်ကျင်ပြောဆိုတဲ့အတွက်ပစ်မှတ်ထားခံရတာဖြစ်ပြီးစွပ်စွဲချက်တွေကို ပယ်ဖျက်ဖို့ကြိုးပမ်းမယ်လို့ကိုမေရဲ့ရှေ့နေ ပက်ထရစ် ဖစ်ဂျရယ်က ပြောပါတယ်။

    ကိုမေဟာသမ္မတကိုသတ်ဖြတ်ဖို့နဲ့ရုပ်ပိုင်းဒဏ်ရာရရှိစေဖို့ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲထားပါတယ်။

    အမှုတစ်ခုချင်းစီအတွက်အပြစ်ရှိကြောင်းထင်ရှားရင်အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်စီကျခံရမှာဖြစ်ပါတယ်။

    “ဒါဟာအဆုံးသတ်မဟုတ်ဘူး၊ ကျွန်တော် အပြစ်ကင်းစင်ဆဲဖြစ်ပါတယ်၊ ကျွန်တော် မကြောက်ပါဘူး၊ ပြည်ထောင်စုတရားစီရင်ရေးရဲ့အမှီအခိုကင်းမှုအပေါ်ယုံကြည်နေဆဲဖြစ်ပါတယ်” လို့ ကိုမေက အင်္ဂါနေ့မှာ ဗီဒီယိုကတဆင့် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

  6. မြန်မာကျပ် မလို တရုတ်ယွမ်သာလိုတဲ့ ရှမ်းပြည်က နယ်စပ်မြို့တွေ

    တရုတ်-မြန်မာနယ်စပ်တွေမှာ ယွမ်ငွေကို ဦးစားပေးသုံးကြ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, တရုတ်-မြန်မာနယ်စပ်တွေမှာ ယွမ်ငွေကို ဦးစားပေးသုံးကြ

    တရုတ်-မြန်မာနယ်စပ်မြို့တွေမှာ မြန်မာကျပ်ငွေထက် တရုတ်ငွေကြေး ယွမ်ကို ဦးစားပေးသုံးတာက အရင်ကတည်းကရှိခဲ့ပြီး မဆန်းလှပါဘူး။

    ဒါပေမဲ့ မြန်မာအစိုးရရုံးတွေနဲ့ ဘဏ်တွေရှိခဲ့တဲ့အတွက် ကျပ်ငွေတန်ဖိုးကလည်း အတိုင်းအတာတစ်ခုအထိ ခိုင်မာနေခဲ့ပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးအလွန်မှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ယွမ်တန်ဖိုးက ဘယ်တုန်းကမှနဲ့မတူအောင် မြင့်တက်လာပြီး ကျပ်ငွေက နောက်ကောက်ကျန်ရစ်ခဲ့ပါတယ်။ လိုချင်သူ ရှားလာပါတယ်။

    ဝ တပ်ဖွဲ့ (UWSA)နဲ့ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ကျပ်ငွေအစား ယွမ်ငွေကိုပဲ ဘာလို့ သုံးလာကြတာလဲဆိုတာ ဆောင်းပါအပြည့်အစုံကို ဒီလင့် ကနေ ဖတ်ရှုနိုင်ပါတယ်။

  7. အင်းတော်ကို စစ်ကြောင်းဦးတည်၊ လေကြောင်းကနေ ဗုံးကြဲ

    တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ချိန်မှာ သိမ်းဆည်းရမိတဲ့ စစ်တပ်ဘက်က လက်နက်ပစ္စည်းတွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, NUG

    ဓာတ်ပုံ ပုံစာ, တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ချိန်မှာ သိမ်းဆည်းရမိတဲ့ စစ်တပ်ဘက်က လက်နက်ပစ္စည်းတွေ (ပုံဟောင်း)

    တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့ဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းကို ကာဖို့အတွက် ဧပြီ ၃၀ ရက်နေ့လယ်ကစပြီး လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတယ်လို့ စစ်ရေးအရင်းအမြစ် ၂ ယောက်က ဘီဘီစီကို အတည်ပြုပါတယ်။

    “နဘားမှာ စစ်အင်အား တချို့တဝက်ကို ချန်ထားပြီး အင်းတော်ကို သွားချိန်မှာ လမ်းကြောင်း ကာပေးတဲ့သဘောနဲ့ လမ်းတလျှောက်က ရွာတွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတာ”လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

    လေကြောင်းဗုံးကြဲတာတွေကြောင့် အထိအခိုက်အခြေအနေတွေကိုတော့ မသိကြရသေးပါဘူး။

    ရွှေဘို- မြစ်ကြီးနား လမ်းပေါ်မှာရှိတဲ့ အင်းတော်မြို့ကို NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ကျောင်းသား တပ်မတော်-ABSDF တို့က သိမ်းပိုက်ထားပြီး တစ်နှစ်ဝန်းကျင်အကြာ ဧပြီ ၂၁ ရက်ကစလို့ အင်းတော်ကို စစ်ကြောင်းဦးတည်လာတာပါ။။

    ကသာမြို့နယ်ကနေ ထွက်လာတဲ့ စစ်ကြောင်းဟာ ဧပြီ ၂၉ ရက်မှာ အင်းတော်နဲ့ ၆ မိုင်အကွာမှာရှိတဲ့ နဘားရွာကို ရောက်လာခဲ့ပြီး ဧပြီ ၃၀ ရက် နေ့လယ်ပိုင်းမှာတော့ အင်းတော်မြို့ကို သွားနေတာလို့ စစ်ရေးအရင်းအမြစ်တစ်ယောက်က ပြောပါတယ်။

    ကသာမြို့ကနေ နဘားရွာကို စစ်ကြောင်းထိုးလာတဲ့ တောက်လျှောက်မှာလည်း တော်လှန်ရေးတပ်တွေက တိုက်ခိုက်တာကြောင့် ဧပြီ ၂၉ ရက်မှာ တနေကုန်နီးပါး တိုက်ပွဲတွေဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့လည်း နောက်ထပ်စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

    စစ်တပ်ဟာ ဒီနှစ် မတ် အတွင်းမှာ တကောင်း၊ မြတောင်၊ ထီးချိုင့်မြို့တွေကို ပြန်ထိန်းချုပ်ပြီးနောက် ကသာမြို့မှာ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ကသာမြို့ကနေ တော်လှန်ရေးအဖွဲ့တွေ ဆုတ်ခွာသွားပြီးတဲ့နောက် စစ်တပ်ကအင်အားပြန်စုဖွဲ့ပြီး အင်းတော်ကို ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတာလို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။

  8. ကိုးကန့်မှာ ရှီရှားသုံးစွဲမှု ပိတ်ပင်

    ကိုးကန့်အထူးဒေသ ၁ ထဲက လောက်ကိုင်မြို့

    ဓာတ်ပုံ ရင်းမြစ်, The Kokang

    ဓာတ်ပုံ ပုံစာ, ကိုးကန့်အထူးဒေသ ၁ ထဲက လောက်ကိုင်မြို့

    ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်‌ရေးဒေသထဲမှာ ရှီရှားဆေးအနှစ်ထဲကို K လို့ ခေါ်တဲ့ ကတ်တမင်း လိုမျိုး မူးယစ်ဆေးတွေကို ရောစပ်ပြီး သုံးစွဲနေတာ များလာတဲ့အတွက် ရှီရှားရောင်းချတာနဲ့ သုံးစွဲတာကို ၂၀၂၆ ခုနှစ် ဇွန် ၁ ကစလို့ တားမြစ်မှာဖြစ်တယ်လို့ အထူးဒေသ ၁ ရဲတပ်ဖွဲ့က ဧပြီ ၂၉ မှာ ထုတ်ပြန်ပါတယ်။

    K နဲ့ရောစပ်ထားတဲ့ ရှီရှားကို သုံးစွဲသူတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်း ပျက်စီးနိုင်တဲ့အထိ ရုပ်ပိုင်းဆိုင်ရာသာမက စွဲလမ်းတာ၊ စိတ်မူမမှန်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကိုပါ ထိခိုက်စေတာကြောင့် တားမြစ်တာလို့ ဆိုပါတယ်။

    အသက်မပြည့်သေးတဲ့ လူငယ်တွေမှာ ပိုအသုံးများလာတာကြောင့် ဆိုးသွမ်းတဲ့ အလေ့အကျင့်တွေကို ဟန့်တာနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ သိရပါတယ်။

    ဒ့ါကြောင့် KTV၊ ဘားနဲ့ ဖျော်ဖြေရေးကလပ်တွေထဲကို အသက်မပြည့်သေးတဲ့သူတွေ လုံးဝမဝင်ရောက်ဖို့ ၊ လုပ်ငန်းရှင်တွေကလည်း အသိပေးတားမြစ်ဖို့၊ အသက်မပြည့်သေးသူတွေကို အလုပ်မခန့်ဖို့ ကန့်သတ်ထားပါတယ်။

    ချိုးဖောက်မယ်ဆိုရင်တော့ သတိပေးတဲ့အဆင့် ဒဏ်ရိုက်တဲ့အဆင့် ဒါမှမဟုတ် လုပ်ငန်းရပ်ဆိုင်းတဲ့အထိ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် ဒေသအတွင်း လူမှုရေး၊ သာရေး၊ နာရေး ၊ ပွဲလမ်းသဘင်တွေမှာ ရှီရှားနဲ့ ဧည့်ခံတာတွေကို တားမြစ်ထားပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမယ်ဆိုရင် အရေးယူခံရမှာ ဖြစ်ပါတယ်။

    ရှီရှားသုံးစွဲတာ၊ ရောင်းချတာနဲ့ ပတ်သက်ပြီး သတင်းပေးတိုင်ကြားဖို့ကိုလည်း ကိုးကန့်အထူးဒေသ ၁ ရဲတပ်ဖွဲ့က ဖုန်းနံပတ်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

    ကိုးကန့် အထူးဒေသ ၁ ထဲမှာ လောက်ကိုင်မြို့ ၊ ချင်းရွှေဟော၊ မုံကိုး၊ သိန္နီ၊ ကွတ်ခိုင် စတဲ့မြို့နယ်တွေ ပါဝင်တာပါ။

  9. မက္ကသာ သတ္တုတွင်းကို စစ်တပ်ကလေကြောင်းဗုံးကြဲလို့ ၁၃ ယောက်ဒဏ်ရာရ

    မက္ကသာသတ္တုတွင်းကို လေကြောင်းဗုံးကြဲခံရပြီးနောက် မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Supachai

    ဓာတ်ပုံ ပုံစာ, မက္ကသာသတ္တုတွင်းကို လေကြောင်းဗုံးကြဲခံရပြီးနောက် မြင်ကွင်း

    ကရင်အမျိုးသားအစည်းအရုံး- KNU ရဲ့ တပ်မဟာ ၆ နယ်မြေထဲက မက္ကသာ သတ္တုတွင်းကို စစ်တပ်က လေကြောင်းကြဲတာကြောင့် ၁၃ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်တပ်ရဲ့လေကြောင်းဟာ ဧပြီ ၂၉ ရက် နေ့လယ် ၂ နာရီမှာ တကြိမ်၊ ညနေ ၅ နာရီမှာ တကြိမ်နဲ့ စုစုပေါင်း ဗုံး ၆ လုံးကြဲတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို ထိုင်းနိုင်ငံ ကချနာဘူရီဆေးရုံနဲ့ စန်ခလဘူရီ ဆေးရုံတွေကို ပို့ထားရတယ်လို့လည်း ပြောပါတယ်။

    “တိုက်ပွဲက မရှိတာကြာပါပြီ။ KNU ဌာနဆိုင်ရာတွေတော့ ရှိတာပေါ့။ ထိခိုက်ဒဏ်ရာရသူတွေက မိုင်းလုပ်သားတွေပါပဲ။ စန်ခလဘူရီဆေးရုံကနေမှ ဒဏ်ရာပြင်းထန်တဲ့သူတွေကို ကချနာဘူရီဆေးရုံကို ထပ်လွှဲတာပါ”လို့ ဒေသခံက ပြောပါတယ်။

    လေကြောင်းကြဲခံရတဲ့ မက္ကသာမိုင်းလုပ်ကွက်နေရာတွေက အမှတ် ၁၊ ၃၊ ၅ နေရာတွေဖြစ်ပြီး ဘုရားသုံးဆူမြို့ကို ဆိုင်ကယ်နဲ့ ၁၅ မိနစ်လောက်သာ ကြာတဲ့အကွာအဝေးမှာ ရှိတယ်လို့လည်း သိရပါတယ်။

    မနက်ပိုင်းအထိတော့ လေကြောင်းထပ်လာတာ မရှိသေးဘူးလို့လည်း ဒေသခံက ပြောပါတယ်။

    မက္ကသာကျေးရွာထဲက သတ္တုမိုင်းဟာ ခဲသတ္တုနဲ့ ခနောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။

    မက္ကသာသတ္တုတွင်းဟာ မကြာခဏ လေကြောင်းဗုံးကြဲခံရလေ့ရှိပြီး ပြီးခဲ့တဲ့ ဧပြီ ၁ ရက်မှာလည်း ဗုံးကြဲခံရလို့ အမျိုးသမီး ၂ ယောက်သေဆုံးပြီး ကလေး ၁ ယောက် ဒဏ်ရာရတယ်လို့ ဒေသတွင်း သတင်းဌာနတွေကနေ သိရပါတယ်။

    မနှစ်က ဧပြီ ၂၆ ရက်မှာလည်း ဗုံးကြဲခံခဲ့ရပြီး ထိခိုက်သူမရှိခဲ့ပါဘူး။

    ၂၀၂၂ ခုနှစ်က ဗုံးကြဲခံရမှုမှာတော့ တရုတ်နိုင်ငံသား ၂ ယောက် အပါအဝင် ၃ ယောက် သေဆုံးပြီး ၈ ယောက်ဒဏ်ရာရခဲ့ပါတယ်။

  10. ရန်ကုန်၊အင်းစိန်ထောင်ကနေ ရွေးကောက်ပွဲအမှုနဲ့ ထောင်ဒဏ်ချခံရတဲ့ အနုပညာရှင်အချို့ပြန်လွတ်

    ဧပြီ ၁၇ ရက် အင်းစိန်ထောင်ရှေ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဧပြီ ၁၇ ရက် အင်းစိန်ထောင်ရှေ့မြင်ကွင်း

    ဒီကနေ့ဧပြီ ၃၀ ရက် ကဆုန်လပြည့်နေ့လွတ်ငြိမ်းမှာ ရွေးကောက်ပွဲကာကွယ်တားဆီးဥပဒေနဲ့ထောင်ဒဏ်ချမှတ်ခံထားရတဲ့ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်၊ဒါရိုက်တာအောင်ချမ်းလူတို့အပါအဝင် အဲဒီဥပ‌ဒေနဲ့ ထောင်ဒဏ်ချမှတ်ခံရသူအချို့ ရန်ကုန်၊အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ထောင်သတင်းရင်းမြစ်ဆီကသိရပါတယ်။

    " ရွေးကောက်ပွဲကာကွယ်တားဆီးနဲ့ဖမ်းခံရသူ အားလုံးကိုလွှတ်ပေးတာတော့ မဟုတ်ပါဘူး။ ဒါရိုက်တာမိုက်တီးဆို ကျန်ခဲ့တယ်ကြားပါတယ်။ ကျန်တဲ့သူတွေ ဆက်ကြည့်နေတုန်းပါ။ လွတ်တာကတော့ နိုင်ငံရေးအမှုနည်းပါတယ်၊ တခြားပြစ်မှုသမားတွေပိုများပါတယ်" လို့ အင်းစိန်ထောင်သတင်းရင်းမြစ်ကပြောပါတယ်။

    ဒါ့အပြင် စစ်မှုထမ်းဟောင်းလည်းဖြစ် နိုင်ငံရေးသမားတစ်ဦလည်းဖြစ်တဲ့ ဦးကျော်ဇေယျလည်း ဒီနေ့လွတ်ငြိမ်းမှာပါဝင်လာတယ်လို့ ဘီဘီစီသတင်းရင်းမြစ်ကပြောပါတယ်။

    ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသရုပ်ဆောင် အုန်းဒိုင်းတို့ကို ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာက ရွေးကောက်ပွဲ ကာကွယ်တားဆီးရေးဥပဒေနဲ့ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

    ဒါရိုက်တာမိုက်တီး ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - ကနဲ့ အရေးယူ ထောင်ချခံခဲ့ရပြီး ခံဝန်လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးခဲ့သူဖြစ်ပြီး ရွေးကောက်ပွဲ ကာကွယ်တားဆီးရေး ဥပဒေနဲ့ ထပ်မံအရေးယူခံရချိန်မှာ ကျခံရန်ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ထပ်ပေါင်းကျခံရမယ်လို့ အဲဒီအချိန်တုန်းကစစ်ကော်မရှင်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

    ပြန်လွတ်လာတယ်ဆိုတဲ့ အနုပညာရှင်တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေကို ဘီဘီစီကဆက်သွယ်နေပြီး သီးခြားအတည်ပြုဖို့ကြိုးစားနေပါတယ်။

    ဒီတကြိမ်မှာရန်ကုန်အင်းစိန်ထောင်ကနေအကျဉ်းသား ၆၀၀ နီးပါးလွှတ်ပေးခဲ့တယ်လို့ ထောင်သတင်းရင်းမြစ်ကပြောပါတယ်။

    တဖက်မှာလည်းရန်ကုန်အင်းစိန်ထောင်တင်မကတခြားအကျဉ်းထောင်တွေကနေလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုနည်းပါးတယ်လို့နိုင်ငံရေးအကျဉ်းသားလှုပ်ရှားသူတွေက ပြောကြပါတယ်။

  11. သင်္ဂါယနာ ခြောက်တန်နဲ့ ထိန်းတဲ့ ထေရဝါဒဗုဒ္ဓသာသနာ

    ဆဋ္ဌသင်္ဂါယနာကို သမ္မတ ဒေါက်တာဘဦး တက်ရောက် ကြည်ညို

    ဓာတ်ပုံ ရင်းမြစ်, Getty Images (ပုံဟောင်း)

    ဓာတ်ပုံ ပုံစာ, ဆဋ္ဌသင်္ဂါယနာကို သမ္မတ ဒေါက်တာဘဦး တက်ရောက် ကြည်ညို

    သာသနာဆိုတာ အဆုံးအမတရားတွေ ဖြစ်တဲ့အတွက် ဒီတရားတော်တွေကို သန့်စင်တည်တံ့ဖို့ သင်္ဂါယနာခေါ် သံဃာ့အစည်းအဝေးကြီးတွေ ကျင်းပပြီး စိစစ်ရပါတယ်။

    သင်္ဂါယနာကို သံဂါယနာလို့လည်း စာလုံးပေါင်းပါတယ်။

    သင်္ဂါယနာဆိုတဲ့ စကားလုံးကိုယ်တိုင်က ညီညွတ်စွာရွတ်ဆိုခြင်း၊ ကွဲပြားသော အယူဝါဒမရှိဘဲ ရွတ်ဆိုခြင်း၊ တခုတည်းသောခံယူချက်ဖြင့် ရွတ်ဆိုခြင်းလို့ ဗုဒ္ဓစာပေပညာရှင်တွေက အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။

    ဒါကြောင့် ဒီသင်္ဂါယနာပွဲကြီးတွေနဲ့ ဗုဒ္ဓစာပေကျမ်းဂန်တွေကို မှတ်ကျောက်တင်ပြီး အနှစ် နှစ်ထောင်ကျော် ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

    သင်္ဂါယနာမူကွဲတွေနဲ့ ဆဋ္ဌသင်္ဂါယနာ ဘာကြောင့်တင်ရလဲဆိုတာ ဒီဆောင်းပါအပြည့်အစုံကို ဒီလင့် ကနေ ဖတ်ရှုနိုင်ပါတယ်။

  12. ကဆုန်လပြည့်အထိမ်းအမှတ် အကျဉ်းသား ၁၅၀၀ ကျော်လွှတ်ပေး

    ဧပြီ ၁၇ ရက်တုန်းက လွတ်မြောက်လာမယ့်သူတွေကို စောင့်မျှော်နေတဲ့ မိသားစုဝင်တွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဧပြီ ၁၇ ရက်တုန်းက လွတ်မြောက်လာမယ့်သူတွေကို စောင့်မျှော်နေတဲ့ မိသားစုဝင်တွေ (ပုံဟောင်း)

    ဒီနေ့မှာ ကျရောက်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/သူ ၁၅၀၈ ယောက်နဲ့ နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ယောက်တို့ကို လွတ်ငြိမ်းပေးလိုက်တယ်လို့ ဧပြီ ၃၀ ရက်မှာ နေပြည်တော်က ထုတ်ပြန်ပါတယ်။

    အရင် လွတ်ငြိမ်းတွေမှာပေးတဲ့ စည်းကမ်းချက်အတိုင်း “နောက်တစ်ကြိမ် ပြစ်မှုထပ်ကျုးလွန်ရင် အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိနေတဲ့ ပြစ်ဒဏ်ကိုပါ ဆက်ကျခံရမယ်” ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ လွှတ်ပေးလိုက်တာပါ။

    ဒါ့အပြင် အခုကဆုန်လပြည့် မတိုင်ခင်က ပြစ်မှုကျူးလွန်ခဲ့လို့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူတွေကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ပြစ်ဒဏ်ရဲ့ ခြောက်ပုံ တစ်ပုံကို လွတ်ငြိမ်းပေးတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    ဒီနေ့လွတ်မြောက်တဲ့အထဲမှာ ပါလာနိုင်မယ့် နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုဖို့အတွက် အကျဉ်းထောင်တွေရှေ့ကို ထွက်သွားကြပြီလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဘီဘီစီကို ပြောပါတယ်။

    ဒါပေမဲ့ ဒီနေ့ လွတ်ငြိမ်းထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါဝင်မယ်ဆိုတာကိုတော့ မသိကြရသေးပါဘူး။

    ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီနေ့မှာ ပြန်လွတ်လာဖို့ မျှော်လင့်နေကြပေမဲ့ နေပြည်တော်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိပါဘူး။

    ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်တုန်းက သမ္မတဦးဝင်းမြင့်၊ မှတ်တမ်းရုပ်ရှင် ဖန်တီးသူ ရှင်ဒေဝီနဲ့ နိုင်ငံရေးအကျဉ်းသားတချို့ အပါအဝင် အကျဉ်းသား/သူ ၄၃၃၅ ယောက်ကို နေပြည်တော်က လွတ်ငြိမ်းနဲ့ လွှတ်ပေးခဲ့ပါတယ်။

  13. မင်္ဂလာပါ။ ဧပြီ ၃၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။