ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
Facebook မှာ အမုန်းတရားလှုံ့ဆော်နေတာ ဘယ်လို ကိုင်တွယ်မလဲ
မြန်မာ နိုင်ငံမှာ ဖေ့စ်ဘွတ် Facebook လူမှု ကွန်ရက်ကို သုံးပြီး အမုန်းစကား ဖြန့်ချိ လှုံ့ဆော်တာတွေ ရှိ နေတယ်လို့ ကုလ သမဂ္ဂ ရဲ့ မြန်မာ နိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးသံတမန် ယန်ဟီးလီနဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အချက်အလက် ရှာဖွေရေး အဖွဲ့ ခေါင်းဆောင် Marzuki Darusman တို့က ပြောလိုက်ပါတယ်။
အခုဆိုရင် Facebook ဟာ မူလ ရည်ရွယ်သလို မဟုတ်တော့ဘဲ မကောင်းဆိုးဝါးလို ဖြစ်လာနေပြီလို့ ယန်ဟီးလီက ပြောပါတယ်။
ဒါ့အပြင် Facebook ပေါ်မှာ ရေးသားမှု တွေကြောင့် မကျေမနပ်မှုတွေ၊ ပြင်းပြင်းထန်ထန် သဘောထား ကွဲလွဲတာတွေ ဖြစ်စေတဲ့ အပြင် ပဋိပက္ခဖြစ်အောင် ပံ့ပိုးပေးရာ ကျတယ်လို့ သူက ဆို ပါတယ်။
မွတ်ဆလင် ဆန့်ကျင်ရေးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ ယန်ဟီးလီ ပြောတာနဲ့ ပတ်သက်လို့တော့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်းက Facebook ပေါ်မှာ မုန်းတီးမှု တွေနဲ့ အပြန်အလှန် ဆဲဆို ရေးသားနေကြတာဟာ မွတ်ဆလင်တွေကိုသာ မဟုတ်ဘဲ ဗုဒ္ဓဘာသာဝင်တွေ ကိုလည်း ပြောဆိုတာ ရှိတယ်လို့ ဆိုပါတယ်။
အမုန်းစကားတွေ၊ မမှန်မကန် သတင်းတွေ ရေးသား ဖြန့်ဝေတာ တွေကို ရင်ဆိုင် နေရတာ ကလည်း မြန်မာ တစ်နိုင်ငံတည်း မဟုတ်ဘဲ ကမ္ဘာ့ နိုင်ငံတွေမှာ လည်း ရှိနေတယ်လို့ ပြောပါတယ်။
နိုင်ငံ အကြီးအကဲတွေ၊ အစိုးရ ခေါင်းဆောင်တွေ ကိုလည်း Facebook ပေါ်မှာ ဝေဖန် ပြောဆိုတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ Facebook သုံးစွဲသူ သန်း ၃၀ လောက် ရှိနေတယ်လို့ ကြားရပါတယ်။
ဆိုရှယ်မီဒီယာကို ကျင့်ဝတ်နဲ့ အညီသုံးစွဲ နိုင်အောင် လေ့ကျင့် ပေးတာက အကောင်းဆုံး ဖြစ်မယ်လို့ ယူဆတဲ့ အတွက် စာသင်ကျောင်းတွေမှာ ၈ တန်းလောက်ကနေ စတင်ပြီး ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီး ဌာနနဲ့ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း လေ့ကျင့်ပျိုးထောင် ဖို့ကိုလည်း စဉ်းစားနေတယ်လို့ ဦးအောင်လှထွန်းက ပြောပါတယ်။
လောလောဆယ်မှာတော့ အမုန်းစကား ပြောဆိုမှုတွေကို ဆန့်ကျင်တဲ့ ဥပဒေတစ်ရပ်ကို သာသနာရေးဝန်ကြီးဌာနက ရေးဆွဲနေတာ သိရပေမဲ့ ဘယ်အဆင့်ထိ ရောက်နေတယ် ဆိုတာတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။