ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ဒေသကို ပုံစံပြောင်းဖို့ အစိုးရက လုပ်နေတယ်လို့ AI စွပ်စွဲ
မြန်မာနိုင်ငံကနေ သိန်းနဲ့ချီတဲ့ မွတ်ဆလင် တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြရပြီးနောက် မြန်မာ အစိုးရက ရခိုင်ပြည်နယ်ကို လက်ရှိ အခြေအနေကနေ ပုံစံပြောင်းဖို့ ကြိုးစားနေတယ်လို့ Amnesty International AI နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။
AI က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ်ဟာ မကြာသေးခင်က မျက်မြင်သက်သေတွေနဲ့ မေးမြန်းခဲ့မှုတွေ၊ ဂြိုဟ်တု ပုံရိပ်တွေကို သုံးသပ်ချက်တွေအပေါ် အခြေခံပြီး ဖော်ပြထားတာလို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ နေရာတွေမှာ မြေတူးစက်ကြီးတွေနဲ့ တူးပြီး စစ်အခြေစိုက် စခန်းတွေ တည်ဆောက်နိုင်ဖို့နဲ့ ရိုဟင်ဂျာ မဟုတ်သူတွေ အခြေချ နေထိုင်နိုင်စေဖို့ မြန်မာစစ်သားတွေ လုပ်ဆောင်နေတာ ရှိတယ်လို့ AI ရဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။
AI အဖွဲ့ရဲ့ စွပ်စွဲချက်တွေဟာ မှားယွင်းတယ်လို့ UEHRD ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု ကူညီ အထောက်အပံ့ပေးရေးနဲ့ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်းရဲ့ ဒုဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။
ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ အထောက် အကူ ဖြစ်စေဖို့နဲ့ သွားလာရေး လွယ်ကူအောင် ရဟတ်ယာဉ် ဆင်းမယ့် ကွင်းငယ်တွေ ဆောက်ထားတာသာ ဖြစ်ပြီး စစ် အခြေစိုက် စခန်းတွေ မဟုတ်ဘူးလို့ ဒေါက်တာ ဝင်းမြတ်အေးက ဆိုပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာ ရွာတွေ နေရာမှာ ရခိုင် ရွာတွေနဲ့ အစားထိုးဖို့ မြန်မာ အာဏာပိုင်တွေ လုပ်ဆောင် ထားတယ် ဆိုတဲ့ အချက်ကိုလည်း ဝန်ကြီးက ယတိပြတ် ငြင်းဆို သွားပါတယ်။
Village Plan အသစ်အရ လမ်းတွေ ဖောက်၊ မီးတိုင်တွေ စိုက်တဲ့အတွက် ပုံစံ ပြောင်းသွားမှာ ဖြစ်ပေမယ့် မွတ်ဆလင်တွေကတော့ မူလ သူတို့နေတဲ့ နေရာ ဒါမှမဟုတ် အနီးအနားမှာပဲ ပြန်လည် အခြေချ နေထိုင်ကြမှာ ဖြစ်တယ်လို့ ပြောပါတယ်။
AI က စွပ်စွဲ ဖော်ပြသလို ရခိုင်ပြည်နယ်ဒေသမှာ လုံခြုံရေးတွေ ထူထပ်စွာ ချထားတာမျိုး မရှိကြောင်း၊ ဒါပေမယ့် အရင်က လုံခြုံရေး မခိုင်ခန့်တဲ့ လုံခြုံရေး စခန်းတွေမှာ ရပ်ရွာအခြေပြု ရဲတွေ တိုးမြှင့်ချထားဖို့ ရှိပြီး ရဲတွေရဲ့ အရည်အချင်းတွေ မြှင့်တင်ဖို့ နိုင်ငံခြားတိုင်းပြည်တွေဆီ စေလွှတ်ပြီး သင်တန်းတွေ ပေးခဲ့ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။