ရန်ကုန်တိုင်းမှာ မြေယာအငြင်းပွားမှု တသောင်းကျော်ရှိ

သိမ်းဆည်းခံလယ်မြေပြန်ရဖို့ ဆန္ဒပြနေတဲ့တောင်သူအချို့
ဓာတ်ပုံ ပုံစာ, သိမ်းဆည်းခံလယ်မြေပြန်ရဖို့ ဆန္ဒပြနေတဲ့တောင်သူအချို့

တနိုင်ငံလုံး အတိုင်းအတာနဲ့ မြေယာအငြင်းပွားမှုတွေအများအပြားရှိနေတဲ့ထဲမှာ ရန်ကုန်တိုင်းတတိုင်းထဲမှာ မြေယာပြဿနာတွေက တစ်သောင်းကျော်ရှိနေပါတယ်။

အရင်အစိုးရလက်ထက်ကအမှုတွေရှိသလို အစိုးရသစ်လက်ထက်မှာလည်း ထပ်တိုးလာတာတွေရှိ နေပါတယ်။ မြေယာအမှုတွဲပေါင်း တစ်သောင်းကျော်ရှိတဲ့ ထဲမှာ အစိုးရသစ် ၂နှစ်တာကာလအတွင်းမှာ ဖြေရှင်းနိုင်တာက ၁၀၀ ကျော်ပဲရှိသေးတယ်လို့သိရပါတယ်။

အမှုအနည်းငယ်သာဖြေရှင်းနိုင်သေးတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဒဂုံမဲဆန္ဒနယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက

'' အမှုတွဲတွေကများပြီး ဖြေရှင်းရတာ ခက်နေတာတွေလည်းရှိတယ်။ ဥပမာ မြေပြေစာဆိုပါတော့။ ပိုင်ဆိုင်ကြောင်း ပြေစာက လုပ်ငန်းရှင်ကလည်းပြနိုင်တယ်။

လယ်သမားဘက်ကလည်းပြနိုင်တယ်။ ဘယ်ဟာက အတုဆိုတာခွဲဖို့တောင်ခက်တယ်။ အဓိကက မြေစာရင်းက အကျင့်ပျက်ဝန်ထမ်းတချို့ကြောင့်ပေါ့ဗျာ။

အဲ့ဒီဝန်ထမ်းတွေကို ပြန်ခေါ်သက်သေအနေနဲ့ခေါ်မယ်ဆိုတော့ တချို့တွေကလည်းအငြိမ်းစားတွေ ယူသွားကြပြီ။ အဲ့တော့ ဖြေရှင်းဖို့က ခက်နေတယ်။ အဲ့လိုအမှုတွေကလည်း အများကြီးဖြစ်နေတယ်''လို့ ပြောပါတယ်။

အမှုတွဲတွေကို ဖြေရှင်းရာမှာ မြို့နယ်အဆင့်ဖြေရှင်းရေးကော်မတီရဲ့စစ်ဆေးသုံးသပ်ချက်ကို တိုင်းအစိုးရ အဖွဲ့၊ ပြည်ထောင်စုအဆင့် စတဲ့အဆင့်ဆင့်ကိုတင်ပြပြီး ပြည်ထောင်စုအဆင့်က ဆုံးဖြတ်ချက် ပြန်ကျလာမှ အမှုကိုအပြီးသတ်နိုင်မှာဖြစ်ပါတယ်။

ဒီလိုအဆင့်ဆင့်တင်ပြနေရတာကလည်း အမှုတွေကို ဖြေရှင်းဖို့ ကြန့်ကြာနေရတဲ့အချက်တချက်ဖြစ်တယ် လို့လည်း မြို့နယ်အဆင့်မြေယာပြဿနာဖြေရှင်းရေးကော်မတီမှာ ပါဝင်ဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့အပေါ်ဦးကျော်ဇေယျက သုံးသပ်ပြောဆိုပါတယ်။

မြေယာအငြင်းပွားမှုတွေထဲမှာ လယ်မြေပြသနာတွေကအများဆုံးရှိနေပြီး မြေဈေးကြီးမြှင့်တဲ့ ရန်ကုန်တိုင်း အတွင်းမှာတော့ အခြားမြေယာအငြင်းပွားမှုတွေရှိနေသလို စီမံကိန်းလုပ်ကိုင်ဖို့ အတွက်သိမ်းဆည်းထားတဲ့ မြေတွေအပေါ်မှာအငြင်းပွားတာတွေကလည်းရှိနေပါတယ်။

'' စီမံကိန်းလုပ်မယ်ဆိုတော့ တချို့စီးပွားရေးသမားတွေက အရပ်စာချုပ်နဲ့ ဝယ်ထားတာတွေရှိတယ်။ စီမံကိန်းလုပ်မယ်ဆိုတော့ မြေပေါက်ဈေးတွေကတက်လာတော့ ရောင်းလိုက်တဲ့လယ်သမားတွေက အရပ်စာချုပ်က တရားမဝင်မှန်းသိတော့ ဒါသူတို့ပိုင်တဲ့ မြေဆိုပြီး နှစ်ဦးနှစ်ဖက် အငြင်းပွားတာတွေကလည်းရှိတယ်။'' လို့ တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးကျော်ဇေယျကပြောပါတယ်။

လတ်တလောမှာ မြေယာလျော်ကြေးတွေကို ဥပဒေနဲ့ တသတ်မှတ်တည်းမရှိပဲ တိုင်းနဲ့ပြည်နယ် အလိုက် အစိုးရတွေကနေ သတ်မှတ် ပေးလျော်တဲ့နှုန်းထားတွေကြောင့် မြေပိုင်ရှင်တွေကလက်မခံတာကြောင့် အမှုမပိတ်သိမ်းနိုင်တာတွေလည်း ရှိနေပါတယ်။

ဒါကြောင့် မြေယာဥပဒေမှာ ဒီအချက်တွေ သတ်သတ်မှတ်မှတ်ပါလာမှသာ မြေယာအငြင်းပွားမှု တွေကို ပြေလည် အောင်ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ မြေယာအငြင်းပွားမှုအရေးတွေကို လိုက်ပါကူညီ ဆောင်ရွက် ပေးနေသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။