ကရင်နီအဖွဲ့ KNPP နဲ့ အစိုးရတွေ့မယ်

ဓာတ်ပုံ ရင်းမြစ်, KNPP Facebook
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဟာ အစိုးရနဲ့ တဖွဲ့ချင်း အနေနဲ့ အပစ်ရပ်ရေး စာချုပ် ချုပ်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မတ်လ ၅ ရက်နေ့ သို့မဟုတ် ၆ ရက်နေ့မှာ ဆွေးနွေးဖို့ ရှိတယ်လို့ KNPP အတွင်းရေးမှူး (၂) ခူး ဒယ်နီရယ်က ဘီဘီစီကို ပြောပါတယ်။
KNPP ဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA မှာ လက်မှတ် ထိုးမထားတဲ့ အဖွဲ့ဖြစ်ပြီး အခုလို ဆွေးနွေးရာမှာ NCA စာချုပ် ကိစ္စထက် ယခင် အစိုးရနဲ့ လက်မှတ်ထိုးထားတဲ့ နှစ်ဖက် အပစ်ရပ်ဖို့ ကိစ္စတွေကို ဆွေးနွေးဖို့ သဘောတူထားတာ ဖြစ်ပါတယ်။
အဓိက ဆွေးနွေးမယ့် အကြောင်းအရာတွေကတော့ ယခင် ဆွေးနွေးဖို့ သဘောတူထားတဲ့ ကိစ္စတွေ ဖြစ်တဲ့ တပ်နေရာ ရွှေ့ပြောင်းမှုနဲ့ သွားလာမှုတွေကို ဆက်ဆံရေး ရုံးတွေမှာ အကြောင်းကြားပြီးမှ ပြုလုပ်ဖို့ ကိစ္စ ဖြစ်ပါတယ်။
ဒါ့အပြင် သံလွင်မြစ်နဲ့ ပွန်ချောင်းမှာ ရေအားလျှပ်စစ် စက်ရုံတွေ မဆောက်ဖို့နဲ့ လမ်းပန်း ဆက်သွယ်ရေး လမ်းကြောင်းသစ်တွေကြောင့် သဃံဇာတ ထုတ်ယူ ခံရမှု များလာတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးမယ်လို့ ခူး ဒယ်နီရယ်က ပြောပါတယ်။
NLD အစိုးရတက်လာပြီးနောက်ပိုင်းမှာ ပြည်ထောင်စုအစိုးရနဲ့ရော ပြည်နယ်အစိုးရနဲ့ပါ တဖွဲ့ချင်း ဆွေးနွေးမှု အားနည်းတဲ့အတွက် အခုလို ဆွေးနွေးမှာ ဖြစ်ပြီး NCA မှာ လက်မှတ်ထိုးဖို့ကတော့ KNPP က အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နဲ့ အစိုးရ ဆွေးနွေးမှု အပေါ် မူတည်တယ်လို့လည်း သူက ပြောပါတယ်။
မကြာသေးခင်က ကယားပြည်နယ် လွိုင်ကော်မြို့နယ် ရှားတောလမ်းဂိတ်တခုမှာ KNPP စစ်သား သုံးဦးနဲ့ အရပ်သား တဦး အသတ်ခဲ့ရတဲ့ ကိစ္စကလည်း KNPP အတွက် NCA မှာ လက်မှတ်ထိုး ပါဝင်ရေး အဟန့်အတား ဖြစ်စေတယ်လို့ KNPP ဘက်က ပြောဆိုထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေ တဖွဲ့ချင်း ချုပ်ဆိုထားတဲ့ အပစ်ရပ် စာချုပ်တွေမှာ ပဋိပက္ခ ဖြေရှင်းမှု ယန္တရား မပါဘူးလို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ NCA လက်မှတ်ထိုးတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
အခုလို ဖြေရှင်းမှု ယန္တရားမပါတဲ့အတွက် အငြင်းပွားမှုတွေ ဖြစ်လာရင် ဖြေရှင်းနိုင်ဖို့ ဆိုရင် NCA လက်မှတ်ထိုးဖို့ လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။









