ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်တွေ ဗုံးခွဲမှုနဲ့ လူ၄ဦးကို ရုံးထုတ်
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ရက်နေ့ မနက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်နယ် အစိုးရအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အဆောက်အအုံ နေရာ၃ခုမှာ လက်လုပ်ဗုံးတွေ ပေါက်ကွဲခဲ့မှုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီး ထိန်းသိမ်းထားသူ လူ၄ဦးကို စစ်တွေမြို့နယ် တရားရုံးမှာ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
သူတို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ပုဒ်မနဲ့ တရားစွဲဆိုထားပြီး မတ်လ ၁၂ရက်နေ့အထိ ရဲက ချုပ်ရက် ရမန် ယူခဲ့တယ်လို့ ထိန်းသိမ်း ခံထားရသူတွေထဲက တဦးဖြစ်တဲ့ ကိုနိုင်စိုးရဲ့ ညီက ဘီဘီစီကို ပြောပါတယ်။
ဗုံးကွဲမှု ဖြစ်အပြီး နောက်တနေ့ ညနေမှာပဲ ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးစရာ ရှိတယ်ဆိုပြီး သူတို့နေအိမ်တွေကနေ လာခေါ်သွားတာ ဖြစ်ကြောင်းနဲ့ ဘာစာရွက် စာတန်း အထောက်အထားမှ မပါဘဲ ခေါ်သွားတာ ဖြစ်ကြောင်း သူက ပြောပါတယ်။
အာဏာပိုင်တွေ ဘက်ကတော့ ဒီအမှုနဲ့ ပတ်သက်လို့ ထုတ်ဖော် ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ ၂၄ရက်နေ့မှာ ဗုံး၃လုံး ပေါက်ကွဲခဲ့တာကြောင့် လူနှစ်ဦး ဒဏ်ရာ ရခဲ့ပြီး ကားတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒီဖြစ်စဉ် နောက်ပိုင်း စစ်တွေမြို့မှာ လုံခြုံရေးကို တင်းကျပ်စွာ ချထားသလို အဖမ်းအဆီးတွေလည်း ရှိနေတဲ့အတွက် စစ်တွေမြို့ လူထုအကြားမှာ စိုးရိမ်မှုတွေ တိုးပွားနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။