တိုက်ပွဲကြောင့် မြောင်ဇီးတွေ ထွက်ပြေးရ

သိန္နီမြို့နယ်ထဲမှာ ကိုးကန့် MNDAA တပ်တွေနဲ့ အစိုးရစစ်တပ်တို့အကြား အခုရက်ပိုင်း တိုက်ပွဲတွေဖြစ်နေပြီး ရာနဲ့ချီတဲ့ မြောင်ဇီးလူမျိုးတွေဟာ သိန္နီမြို့နယ် ကောင်းကော်ရွာဘက်ကို ထွက်ပြေးပုန်းရှောင် လာရပါတယ်။

သိန္နီမြို့နဲ့ ၁၉ မိုင်လောက် အကွာ ကွန်လုံသွားလမ်းနားက ဟိုမွန်း ကျေးရွာနားမှာ ကိုးကန့် တပ်တွေနဲ့ အစိုးရစစ်တပ်တို့ အကြား ဖေဖော်ဝါရီ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေက တိုက်ပွဲဖြစ်တာကြောင့် ရာနဲ့ချီတဲ့ မြောင်ဇီး တိုင်းရင်းသားတွေ အပါအဝင် ဒေသခံ အချို့ဟာ နေရပ်စွန့်ခွာ ထွက်ပြေးလာရတာလို့ သိန္နီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နန်းခင်ထားရီက ဘီဘီစီကို ပြောပါတယ်။

သိန္နီမြို့နယ် ကောင်းကော် ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေထဲမှာ မြောင်ဇီးတွေနဲ့အတူ ရှမ်း ၊ တရုတ်နဲ့ ကချင် လူမျိုးအနည်းငယ်လည်း ပါဝင်ပါတယ်။

ကိုးကန့်တပ်ဖွဲ့တွေနဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ မဖြစ်တာ လအတန်ကြာနေပြီဖြစ်ပြီး ဒီရက်ပိုင်းမှ ခပ်စိပ်စိပ် ပြန်ဖြစ်လာတာလို့ နယ်စပ်အရေးလေ့လာသူတဦး ကလည်း ဘီဘီစီကို ပြောပါတယ်။

အခုတိုက်ပွဲဖြစ်နေတဲ့ ဒေသဟာ တရုတ်မြန်မာ မဟာဗျူဟာလမ်းကြောင်း အတွက် လျာထားတဲ့ ဒေသတွေဖြစ်ပြီး ကွန်လုံတံတား ပြင်ဆင်ဖို့အတွက် ၂၀၁၆ ခုနှစ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ် အတွင်းမှာ တရုတ်နဲ့ သဘောတူခဲ့ပြီးဖြစ်တယ်လို့ အဲဒီ နယ်စပ်အရေးလေ့လာသူက ပြောပါတယ်။

ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့် MNDAA ဟာ ၂၀၁၅ ခုနှစ်က အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တဲ့အဖွဲ့ဖြစ်ပြီး အခြားတိုင်းရင်းသား အဖွဲ့တွေနည်းတူ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ပါဝင်လက်မှတ် ရေးထိုးဖို့ ကန့်သတ်ခံထားရတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း တအာင်းပလောင်တပ်ဖွဲ့နဲ့ အစိုးရစစ်တပ်အကြား ကွတ်ခိုင် သိန္နီအကြား ဒေသတွေမှာ တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် သိန္နီမြို့နယ် ကောင်းအိုင်ကျေးရွာ ဘုန်းကြီးကျောင်းမှာ လာရောက် ခိုလှုံ ခဲ့ရပါတယ် ။