ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၀ တွေကို ကျိုင်းတုံ သွားလာခွင့်ကန့်သတ်
နိုင်ငံသားစိစစ်ရေး ကတ်ပြားမှာ ဝ လူမျိုးလို့ ဖော်ပြထားတဲ့ တိုင်းရင်းသားတွေကို ကျိုင်းတုံနယ်သို့ သွားလာခွင့် ကန့်သတ်မှုတွေ လုပ်လာနေတယ်လို့ ဝ ဒေသရဲ့ အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ ဘက်က ဘီဘီစီကို ပြောပါတယ်။
ဝ နယ်ကနေတဆင့် မိုင်းဖျန် ၊ မိုင်းယန်း ကျိုင်းတုံ လမ်းကြောင်းနဲ့ မိုင်းလား လမ်းကို အသုံးပြုပြီး သွားလာနေတဲ့ နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်ထားသူ ဝ လူမျိုးတွေကို သီးသန့် ကန့်သတ်မှုတွေ လုပ်လာတာ ၁၀ ရက်လောက်ရှိနေပြီလို့ ဝ တပ်ဖွဲ့မှ ဦးအောင်မြင့်က ဘီဘီစီကို ပြောပါတယ်။
ဘာအကြောင်းပြချက်နဲ့ မြန်မာအာဏာပိုင်တွေဘက်က ပိတ်သလဲဆိုတာ မသိရဘူးလို့လည်း ဦးအောင်မြင့်က ပြောပါတယ်။
တရုတ်နှစ်သစ်ကူးလည်း နီးလာသလို တချို့က ဆေးကုသမှုလို ကျန်းမာရေးဆိုင်ရာ ကိစ္စတွေအတွက် သွားလာဖို့ ရှိနေတဲ့လူတွေအဖို့ အတော်လေး အခက်အခဲဖြစ်ရတယ်လို့ ကျိုင်းတုံ- မိုင်းလား - ပန်ဆန်း လမ်းကြောင်း ကို သွားလာကုန်သွယ် နေသူတဦးကလည်း ပြောပါတယ်။
ဝ နယ်ကနေ ကျိုင်းတုံ တာချီလိတ် နယ်ဘက်ကို သွားရောက်လိုသူတွေကို ကန့်သတ်မှု လုပ်လာတဲ့အပြင် ကျိုင်းတုံ တာချီလိတ်ကနေ ဝ နယ်ဘက် သွားလိုသူ ဝ လူမျိုးတွေကိုပါ ကန့်သတ်မှုတွေ ရှိနေတာပါ။
တာချီလိတ်မှာနေထိုင်သူတဦးကလည်း သူ့မိတ်ဆွေ ဝ အမျိုးသား နေရပ်ပြန်ဖို့အတွက် ကားဂိတ်ကို လိုက်ပို့တော့ ကားမောင်းသမားက မှတ်ပုံတင်မှာ ဝ လူမျိုးလို့ပါရင် သွားလို့မရကြောင်းပြောတဲ့အတွက် အစိုးရဂိတ်မရှိတဲ့ အောက်လမ်းကနေ ပြန်သွားရတယ်လို့ ဘီဘီစီကို ပြောပါတယ်။
အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ် နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး နိုင်လင်းအောင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မရခဲ့ပါဘူး။
ဝ နဲ့ ကျိုင်းတုံနယ် ဆက်သွယ်တဲ့ လမ်းကြောင်းတွေမှာ ဝ မှတ်ပုံတင်ကိုင်ဆောင်သူတွေကို ကန့်သတ်မှု ရှိနေပေမယ့် တခြားလူမျိုးတွေတော့ ခရီးသွားလာလို့ ရနေတယ်လို့ မိုင်းလားဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဝ နယ်နဲ့ ကျိုင်းတုံသွားလမ်းကို ကန့်သတ်မှုတွေ လုပ်နေပေမယ့် ဝ နဲ့ ရှမ်းမြောက်ကို ဆက်သွယ်လမ်း တွေမှာတော့ ကန့်သတ်တာမရှိသေးပါဘူး။
လတ်တလော လူမှုကွန်ယက်မီဒီယာမှာ ပျံ့နှံ့နေတဲ့ ကေအိုင်အေနဲ့ တပ်မတော်တို့ ဆွေးနွေးပွဲဆိုင်ရာ စာတမ်းမှာတော့ ဝ တပ်ဖွဲ့ကို တပ်မတော်ကလည်း စောင့်ကြည့်နေကြောင်း ဖော်ပြထားပါတယ်။