ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒုက္ခသည်မြို့တော်ကြီး အဖြစ်မခံနိုင်ဘူးလို့ အိန္ဒိယအစိုးရပြော
အိန္ဒိယနိုင်ငံ အနေနဲ့ ဒုက္ခသည်မြို့တော်ကြီး အသွင် ဖြစ်လာမှာကို မလိုလားဘူး ဆိုပြီး အိန္ဒိယ အစိုးရက ပြောလိုက်ပါတယ်။
ရိုဟင်ဂျာ မွတ်ဆလင် ၄ သောင်း ဝန်းကျင်ကို ပြန်လည် နှင်ထုတ်ရေး အတွက် အိန္ဒိယ ဗဟို တရားရုံးချုပ်မှာ ဥပဒေကြောင်းအရ အိန္ဒိယ အစိုးရက ကြိုးစား နေပြီး အခုလို ပြောဆိုလာတာ ဖြစ်ပါတယ်။
အဲဒီ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ ၆ နှစ် ကတည်းက ထွက်ပြေး လာခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဟိန္ဒူ အမျိုးသားရေး ပါတီ BJP ဦးဆောင်တဲ့ အိန္ဒိယ အစိုးရကတော့ ရိုဟင်ဂျာတွေကို လက်ခံထားရင် လုံခြုံရေးဆိုင်ရာ အန္တရာယ် ရှိတယ်လို့ ယူဆနေပါတယ်။
အိန္ဒိယ နယ်စပ် တလျှောက်မှာလည်း နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေ ထပ် မဝင်လာနိုင်အောင် ခြိမ်းခြောက် ရန်လိုတာမျိုး၊ အင်အားသုံးတာမျိုးတွေ ပြုလုပ် နေတယ်လို့ ဒုက္ခသည်တွေကို ပြန်မလွှတ်ရေး လုပ်ဆောင်နေတဲ့ ရှေ့နေတွေက တရားရုံးချုပ်ကို တိုင်တန်း ခဲ့ပါတယ်။
အဓိကရုဏ်းဖြိုခွဲရာမှာ အသုံးပြုတဲ့ ငရုတ်ရည်တွေ၊ လူအုပ်ဖြိုခွဲတဲ့ ဗုံးတွေနဲ့ ဒုက္ခသည်တွေကို တိုက်ခိုက်တာမျိုးတွေ အိန္ဒိယ နယ်ခြားစောင့်ရဲတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး လူ့အခွင့်အရေး ရှေ့နေတွေက ပြောနေပါတယ်။