ဆန္ဒပြကျောင်းသားတွေ ကျောင်းတက်ခွင့် ပိတ်ပင်ခံရ

အစိုးရ က ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးဖို့ အတွက် မန္တလေး ရတနာပုံ တက္ကသိုလ်မှာ ၃ ရက်ကြာ လူစု ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေထဲက ၁၄ ယောက် ကို ပညာရေး ဝန်ကြီးဌာန က ကျောင်းတက်ခွင့် ရပ်နားလိုက်ပါတယ်။

အခုလို ကျောင်းသားတွေ ကျောင်းတက်ခွင့် ရပ်စဲလိုက် တာနဲ့ ပတ်သက်ပြီး ရတနာပုံ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင် က တော့ တက္ကသိုလ် ဝင်ခွင့်လမ်းညွှန် ထဲမှာ ပါတဲ့ စည်းကမ်းထိန်းသိမ်းရေး အရ အခုလိုအရေးယူ ဆောင်ရွက် တာလို့ ဆိုပါတယ်။

ရတနာပုံ တက္ကသိုလ် ဗကသ က ကျောင်းသား ကိုရဲမျိုးဆွေ ကတော့ ပညာရေးဝန်ကြီးဌာန က နေ အရင် တနှစ်လောက်ကတည်းက ဖျက်သိမ်းထားပြီးဖြစ်တဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် အပိုင်း ဃ မှာပါတဲ့ စည်းမျဉ်းတွေ ကို ပြန်လည် အသုံးချ ကာ အခုလို ကျောင်းသားတွေ ကို ကျောင်းတက်ခွင့် ရပ်နားလိုက်တာ လို့ ပြောပါတယ်။

မန္တလေး ရတနာပုံ တက္ကသိုလ်မှာ ကျောင်းတက်ခွင့် ရပ်နားခံရတဲ့ ၁၄ ယောက် မှာ ကျောင်းသား ၉ ယောက်နဲ့ ကျောင်းသူ ၅ ယောက် ပါဝင်ပါတယ်။

စစ်ကိုင်း ပညာရေး တက္ကသိုလ် မှာ လည်း ကျောင်းသား ၂ ယောက် ကျောင်းတက်ခွင့် ရပ်နားခံရတယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်နေပါတယ်။