ဆန္ဒပြကျောင်းသားတွေကို ထိန်းသိမ်းပြီး မိဘတွေထံပြန်အပ်နှံ

ပညာရေး အသုံးစရိတ်တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတဲ့ ရတနာပုံတက္ကသိုလ်က ဆန္ဒပြ ကျောင်းသားတွေကို အာဏာပိုင်တွေက ဒီနေ့ (ဇန်နဝါရီလ ၂၅ ရက်) မနက် ၄ နာကျော်ခန့်မှာ ထိန်းသိမ်းခေါ်ဆောင် သွားပါတယ်။

သူတို့တွေကို မန္တလာသီရီအားကစားကွင်းကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဆန္ဒပြ ကျောင်းသားတွေနဲ့ တိုင်းအစိုးရအဖွဲ့တို့တွေ့ဆုံအပြီး အာဏာပိုင်တွေက သူတို့တွေနေထိုင်ကြတဲ့ မြို့နယ်ရပ်ကွက်တွေက အထွေထွေအုပ်ချုပ်မှုးတွေကတဆင့် မိဘအုပ်ထိန်းသူတွေလက်ထဲ ပြန်အပ်နှံဖို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ထိန်းသိမ်းခံထားရတဲ့ ဆန္ဒပြကျောင်းသား ၇၂ ယောက် ရှိပြီး သူတို့တွေဟာ ပညာရေးစရိတ် တိုးမြှင့်ပေးဖို့၊ ကျောင်းတွင်း သင်ထောက်ကူပစ္စည်း လုံလောက်စွာ ရရှိဖို့အတွက် ဇန်နဝါရီ ၂၂ ရက်က စတင်ပြီး ရတနာပုံတက္ကသိုလ်ဝင်းအတွင်းမှာ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေကြတာပါ။

ဆန္ဒပြကျောင်းသားတွေနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေအကြား ညှိနှိုင်းကြရာမှာ ပြေလည်မှု မရလို့ ကျောင်းသားခေါင်းဆောင်တချို့က အစာအငတ်ခံဆန္ဒပြမယ်လို့ ထုတ်ဖော်ပြောဆိုချိန်မှာပဲ ခုလိုခေါ်ဆောင်ထိန်းသိမ်း ခံလိုက်ရတာပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေကို ထိန်းသိမ်းခဲ့တာနဲ့ ပတ်သတ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က အခုချိန်ထိ ဘာမှပြန်လည်ပြောဆိုမှု မရှိသေးပါဘူး။