စစ်တွေနဲ့ မြေပုံက စခန်းတချို့ ပိတ်မယ်

စစ်တွေမြို့နဲ့ မြေပုံမြို့တို့မှာ ရှိတဲ့ မွတ်ဆလင် ဒုက္ခသည် စခန်းတွေ ပိတ်သိမ်းပြီး ပြန်လည် နေရာချထားဖို့ အစိုးရက စီစဉ်နေပါတယ်။

ဒီဒုက္ခသည် စခန်းတွေဟာ ၂၀၁၂ ခုနှစ်ကတည်းက ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေ ဖြစ်ပါတယ် ။

ဒီစခန်းတွေ ပိတ်သိမ်းဖို့ အတွက် စခန်းက အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် တွေနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီစခန်းတွေ ပိတ်သိမ်းဖို့ NLD အစိုးရ တက်စ ၂ဝ၁၆ မေလ ထဲက ကော်မတီတွေ ဖွဲ့စည်း စီစဉ်ခဲ့တာလို့ ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။

ဒီကြားထဲမှာ ရခိုင် မြောက်ပိုင်းမှာ ဆူပူမှုတွေ ထပ်ဖြစ်ခဲ့လို့ စခန်း ပိတ်သိမ်းရေးတွေ ကြန့်ကြာ နေခဲ့တယ်လို့ သူက ပြောပါတယ်။

မကြာခင်က စစ်တွေနဲ့ မြေပုံကို သူတို့ သွားပြီး စခန်းပိတ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကိစ္စတွေကို ဆွေးနွေးခဲ့ ပါတယ်။

စစ်တွေမှာ အကြီးဆုံး ဖြစ်တဲ့ သက္ကယ်သောင် နဲ့ မြေပုံက တောင်ပေါ် စခန်းတွေကို ပိတ်ဖို့ စီစဉ်နေသလို နောက်စခန်းတွေ ဆက်ပိတ်ဖို့ ရခိုင်ကို မကြာခင် ထပ်သွားပြီး ဆွေးနွေးမယ်လို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

ဒီလို စခန်းတွေပိတ်ပြီး လူတွေကို လွတ်လပ်စွာ သွားလာ လုပ်ကိုင်ခွင့် ပေးဖို့ ကိုဖီ အာနန်ရဲ့ ရခိုင် အကြံပေး ကော်မရှင် အစီရင်ခံစာမှာ တိုက်တွန်း ထားပါတယ်။