ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှမ်းမြောက်တိုက်ပွဲ တွေကြောင့် စစ်ရှောင်သူ ထောင်ကျော်ပြီ
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်နဲ့ ကျောက်မဲမြို့နယ် အစပ်မှာ အစိုးရ တပ်မတော်၊ RCSS/SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းနဲ့ TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၄ ရွာက စစ်ဘေးရှောင် ဒေသခံ တစ်ထောင်ကျော် ကျောက်မဲ မြို့ပေါ်ကို လာရောက် ခိုလှုံနေကြ ပါတယ်။
အရေးပေါ် ထွက်ပြေး လာရတဲ့အတွက် အနွေးထည်နဲ့ စောင်တွေ အပြင် ကျန်းမာရေး စောင့်ရှောက် မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင် လာသူတွေက ပြောပါတယ်။
ကျောက်မဲ မြို့နယ်ထဲက အာပြောင်နဲ့ ဟင်းခါးရွာ တွေက ဒေသခံ ၅၀၀ကျော်၊ နမ့်ဆန် မြို့နယ်ထဲက ကျောက်ဖြူလေးနဲ့ ကြက်သေရွာက ဒေသခံ ၅၀၀ ကျော်တို့ စစ်ဘေးလွတ်ရာ ရောက်လာကြတာပါ။
ကျောက်မဲမြို့က ဝါဆိုကျောင်းတိုက်မှာ ရောက်နေတဲ့ ကျောက်ဖြူလေး ရွာသား တယောက်က ဒီဇင်ဘာ ၂၇ ရက်နေ့က သူတို့ရွာ တဝိုက်မှာ တပ်မတော်နဲ့ TNLA တို့ တိုက်ပွဲတွေ စတင် ဖြစ်ခဲ့ပြီး တပ်စခန်းတွေရှိတဲ့ မိုင်းကောင်းနဲ့ ကျောက်မဲ ဘက်ကနေ လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ အပြင် ရဟတ်ယာဉ် နှစ်စီးနဲ့လည်း လာရောက် ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တဲ့ အခြေအနေရှိတယ်လို့ ရွာသားတွေက ယူဆပြီး ၂၉ ရက်နေ့မှာ ရွာတွေကနေ စတင်ပြေးလာခဲ့ကြတယ်လို့လည်း အဲဒီ ကျောက်ဖြူလေး ရွာသားက ပြောပါတယ်။
လောလောဆယ် ကျောက်မဲမြို့ပေါ်က ဝါဆိုကျောင်းမှာ စစ်ရှောင်ပြည်သူ၂၀၀ ၊ အောင်မင်္ဂလာ ကျောင်းမှာ ၃၀၀ ဝန်းကျင် ၊ အမှတ် ၃ ဓမ္မာရုံ စခန်းမှာ ၃၀၀ကျော် အောင်မြေသာယာ ရွာကျောင်းမှာလည်း ရာနဲ့ချီပြီး တဖွဲဖွဲ ရောက်လာ နေတယ်လို့ အကူညီပေးနေသူ တွေက ပြောပါတယ်။
စစ်ရှောင်ပြည်သူ တွေကို ကူညီပေးနေတဲ့ SNLD ပါတီရဲ့ ဗဟိုကော်မတီဝင် ကျောက်မဲမြို့ခံ စိုင်းသန်းမောင်တော့ အခုဆိုရင် ကျေးရွာ ၆ ရွာက စစ်ဘေးရှောင်သူ ထောင်ကျော် ရှိနေပြီလို့ ပြောပါတယ်။