ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်းဒင်က အလောင်းတွေ နှစ်ချီကြာနေနိုင်
မောင်တောမြို့နယ် အင်းဒင်ရွာမှာ တူးဖော်တွေ့ရတဲ့ အလောင်းတွေ ကိစ္စကို စုံစမ်း စစ်ဆေးဖို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ အဖွဲ့က ရခိုင်ပြည်နယ်ကို သွားရောက် နေကြောင်း တပ်ဘက်က ထုတ်ပြန်ထားပါတယ်။
ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အလောင်းပေါင်း ၁၀ လောင်းကို အင်းဒင်ရွာ သုသာန်မှာ သတ်ဖြတ် မြှုပ်နှံထားတယ်ဆိုပြီး အမည် မဖော်လိုသူက သတင်းပေးတဲ့အတွက် ဒီဇင်ဘာ ၁၈ ရက်နေ့က ကနဦး သွားရောက်စုံစမ်း စစ်ဆေးခဲ့ပြီးနောက် ခရိုင် အုပ်ချုပ်ရေးမှူး အပါအဝင် ဆေးဘက်ဆိုင်ရာ ဆရာဝန် တွေက အလောင်းတွေကို စစ်ဆေးနေတယ် လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော် ကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ ပြန်ပြောပြချက် အရ အလောင်း ၂၀ နီးပါးလောက် ရှိတယ်လို့ သိရကြောင်း ဘီဘီစီကို ပြောပါတယ်။
အဲဒီအလောင်း တွေဟာ နှစ်နဲ့ချီ ကြာနေတဲ့ အလောင်းတွေ ဖြစ်နိုင်တယ်လို့ မှုခင်း ဆရာဝန်က ပြောတာကို ကိုးကားပြီး မောင်တော မြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူးက သူ့ကို ပြန်ပြောတယ် လို့လည်း ဦးလှထွန်းကျော်က ပြောပါတယ်။
အလောင်းတွေကို တူးဖော် တွေ့ရှိပြီးနောက် စစ်ဆေး တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက နောက်ထပ် ထုတ်ပြန်တာ မရှိသေးပါဘူး။