ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ငြိမ်းချမ်းရေးဖြစ်စဉ် မြန်လည်းမြန် မှန်လည်းမှန်ကန်ဖို့လို
အန်စီအေ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ရုံးဖွင့်ပွဲကို ရန်ကုန်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အပစ်ရပ် ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးကတော့ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆောင်နေတဲ့ ရန်ကုန်ကရုံးနားမှာ ဒီလို ရုံးဖွင့်နိုင်တာဟာ ရှည်လျားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် စမှတ်ဖြစ်တယ်လို့ ရုံးဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။
၂၀၁၇ ခုနစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် အစိုးရက သတ်မှတ်ထားတာပါ။
အစိုးရဘက်က ကိုယ်စားလှယ်ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေကတော့ ကေအန်ယူ ဥက္ကဌ ပြောသွားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ရှည်လျားတဲ့လမ်းဖြစ်တယ်ဆိုတာကို လက်ခံပေမဲ့ ဒီလိုရုံးတွေ ဖွင့်လှစ်ပြီးနောက် ရှည်လျားတဲ့လမ်းမှာ တစိတ်တဒေသအားဖြင့် အချိန်တိုတိုတောင်းတောင်းနဲ့ ငြိမ်းချမ်းရေးကို အရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမှူးကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ မြန်တာကောင်းပေမဲ့ မှန်ကန်ဖို့လည်း လိုတယ်လို့ ပြောပါတယ်။
အပစ်ရပ်စာချုပ်ချုပ်ပြီးတဲ့နောက် အတိတ်ကလို တိုက်ပွဲတွေကြောင့် လူထုထိခိုက်တာ မရှိတော့ပေမဲ့ အပစ်ရပ်စာချုပ် ကတိကဝတ်တွေကို အကောင်ထည်ဖော်မှု အားနည်းတဲ့အတွက် အပစ်ရပ်ဒေသက ဒေသခံ ပြည်သူတွေက စိုးရိမ်မှုရှိတယ်လို့ စောတာဒိုမှူးက ပြောပါတယ်။
သူပြောတဲ့ ကြားကာလအစီအစဉ်ဆိုတာ နိုင်ငံရေးအရ အဖြေမထွက်ခင် နယ်မြေသတ်မှတ်ရေးတွေလုပ်ပီး ဒေသခံတွေရဲ့ ရပိုင်ခွင့်တွေ ခိုင်မာစေတာ ပိုင်ဆိုင်မှုတွေ အကာကွယ်ပေးတာ ဒေသခံ အဖွဲ့အစည်းတွေကို ဖွံ့ဖြိုးရေးလုပ်ပိုင်ခွင့်တွေ ပေးတဲ့ အချက်တွေပါဝင်ပါတယ်။
အပစ်ရပ်နယ်မြေတွေမှာတောင် လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ ဆိုပေမဲ့ အပစ်ရပ်ပြီးနောက်ပိုင်း နယ်မြေသတ်မှတ်နိုင်မှု မရှိတာ ၊ ဒုက္ခသည် ပြန်လည်ထူထောင်ရေး နေရာချထားရေးနဲ့ အကူအညီပေးမှုတွေမှာ အကောင်ထည်ဖော်မှု မစနိုင်သလိုဖြစ်တဲ့အတွက် ကရင် လူထုရဲ့ဖိအားလည်း ရှိပြီး အဲဒီလို ကိစ္စတွေ မရှိသေးတဲ့အတွက် ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာမလား စိုးရိမ်မှုတွေ ရှိတယ်လို့ တာဒိုမှူးက ပြောပါတယ်။
အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဘက်ကတော့ အန်စီအေ စာချုပ်လက်မှတ်မထိုးထားသူတွေ ပါဝင်လာနိုင်ရေးအတွက် နည်းလမ်းတွေ ဆက်လက် ဖော်ထုတ်ပေးသွားမယ်လို့ နိုဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
အန်အယ်လ်ဒီ အစိုးရတက်လာတာ နှစ်နှစ်နီးပါး ရှိနေပေမဲ့ အန်စီအေ အပစ်ရပ် စာချုပ်မှာ လက်မှတ်ထိုးတဲ့ အဖွဲ့အရေအတွက်က သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က အရေအတွက် အတိုင်းရှိနေသလို ဝ တပ်ဖွဲ့ ဦးဆောင်တဲ့ မြောက်ပိုင်း FPNCC အဖွဲ့ကတော့ အန်စီအေ အပစ်ရပ်စာချုပ်နဲ့ မတူတဲ့ လမ်းကြောင်းသစ်ကိုအကောင်ထည်ဖော်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။