အစိုးရသက်တမ်း ၂ နှစ် ရှိချိန်မှာ NLD ရဲ့ မူဝါဒ သဘောထား

၁၉၆၂ ခုနှစ်ကစလို့ စစ်တပ်က ပုံစံအမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့တာကို ပြောင်းလဲ နိုင်ခဲ့တာဟာ ၂ဝ၁၅ ရွေးကောက်ပွဲ ရလဒ်ရဲ့ အကြီးမားဆုံး အပြောင်းအလဲပဲ ဆိုပြီး အစိုးရကို ဦးဆောင်ဖွဲ့ထားတဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။
ရွေးကောက်ပွဲ ၂ နှစ်ပြည့် ကာလမှာ ဘီဘီစီ ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဦးဝင်းထိန်က ဖြေကြားရင်း အဲဒီလို ထည့်သွင်း ပြောသွားတာပါ။
ဒီအပြောင်းအလဲ အပေါ် ပြည်သူလူထုက အများကြီး မျှော်လင့်ထားကြပေမယ့်၊ အကောင်အထည် မဖော်နိုင် သေးတဲ့ ကိစ္စတွေကြောင့် လူတွေ အားမလို အားမရ ဖြစ်နေကြတာကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သိရှိပါတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

အခြေခံ လူတန်းစားတွေ တွေ့ကြုံ ခံစားနေရတဲ့ ကုန်စျေးနှုန်း ကြီးမြင့်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ NLD ဦးဆောင်တဲ့ အစိုးရက ဆောင်ရွက်နေတယ် ဆိုပြီးတော့လည်း ဦးဝင်းထိန်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု ပေးနေတဲ့ အစိုးရဟာ စစ်တပ်အပေါ် အလျှော့ပေး ဆက်ဆံ လွန်းနေတဲ့ အတွက် နိုင်ငံတကာ မျက်နှာစာမှာ အစိုးရရဲ့ ပုံရိပ် ထိခိုက် လာတယ် ဆိုတဲ့ ဝေဖန်သံ တချို့ အပေါ်မှာလည်း ဦးဝင်းထိန်က ငြင်းပယ်ပါတယ်။
လက်ရှိ ကိုင်တွယ် နေရတဲ့ ရခိုင် ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အနေနဲ့ တပ်မတော် အပေါ် ပစ်မှတ် ထားတဲ့ ကန့်သတ် အရေးယူမှု တချို့ ပြုလုပ် လာတာဟာ အလောတကြီး သုံးသပ်ပြီး ဆောင်ရွက် ကြတာမျိုး ဖြစ်တယ်လို့ ယူဆကြောင်း ဦးဝင်းထိန်က ပြောပါတယ်။
NLD ပါတီရဲ့ အဓိက ရွေးကောက်ပွဲ မဲဆွယ် ကတိဖြစ်တဲ့ ၂ဝဝ၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဘယ်လောက် ခရီး ရောက်ပြီလဲ ဆိုတဲ့ မေးခွန်း အပေါ် မှာတော့ ဦးဝင်းထိန်က ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တဆက်တစပ်တည်း တွဲပြီး လုပ်ဆောင် နေတဲ့ အကြောင်း ပင်လုံ ငြိမ်းချမ်းရေး ညီလာခံတွေ ကျင်းပနေတာကို ရည်ညွှန်းပြီး ပြောဆို ပါတယ်။
ရှေ့ဆက် လျှောက်လှမ်းရမှာတွေ အများကြီး ရှိနေပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်ပြည် အပေါ်မှာ ထားတဲ့ စေတနာ၊ ပြည်သူလူထု အပေါ် ထားတဲ့ စေတနာတွေနဲ့ အားလုံးကို တချိန်မှာ ပြေလည်အောင် ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ဦးဝင်းထိန်က ပြောကြားသွားပါတယ်။
ဒါကတော့ ရွေးကောက်ပွဲ လွန် ၂ နှစ်ကာလ၊ အစိုးရကို ဦးဆောင်ဖွဲ့ထားတဲ့ NLD ပါတီရဲ့ သဘောထား အမြင်တွေကို ပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးဝင်းထိန်းက ဘီဘီစီ ပရိသတ်တွေရဲ့ အမေးကို ဖြေဆို သွားတာတွေကနေ ကောက်နှုတ် ဖော်ပြတာ ဖြစ်ပါတယ်။










