လွှတ်တော်ကို ဒရုန်းနဲ့ရိုက်သူတွေကို ရဲတွေက ရမန်ယူချုပ်နှောင်ထား

နေပြည်တော်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ပိုင်းက လွှတ်တော်နဲ့တခြား အဆောက်အအုံတွေကို ခွင့်ပြုချက်မရှိပဲ အဝေးထိန်း ဒရုန်းယာဉ်ပျံနဲ့ ရိုက်ကူးခဲ့လို့ သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့ အဖမ်းခံခဲ့ရတဲ့ နိုင်ငံခြားသား သတင်းထောက် ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦးကို ဆက်လက် စစ်ဆေးဖို့အတွက် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ရမန်ယူ ခဲ့တယ်လို့ ဇမ္ဗူသီရိမြို့နယ် ရဲစခန်းက ဘီဘီစီကို ပြောပါတယ်။

အခုလို ဖမ်းဆီးထားတဲ့သူတွေထဲက တူရကီ TRT သတင်းဌာန စင်္ကာပူရုံးခွဲက သတင်းထောက် ၂ ဦးကို ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းမှာ ဖမ်းဆီးထားပြီး စကားပြန်နဲ့ ယာဉ်မောင်းကိုတော့ ပျဉ်းမနား ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

အခုလို ရမန်ယူ ချုပ်နှောင်ထားတဲ့အတွက် သူတို့ကို ရဲတွေက အနည်းဆုံး တပတ်ကနေ ၂ ပတ်အထိ ချုပ်နှောင်ထားခွင့်ရှိမှာ ဖြစ်ပါတယ်။

အခုလို စင်္ကာပူနိုင်ငံသားနဲ့ မလေးရှားနိုင်ငံသူ သတင်းထောက်တွေနဲ့အတူ အဖမ်းခံခဲ့ရတဲ့ ကိုအောင်နိုင်စိုးကို စစ်ဆေးနေဆဲကာလ ဖြစ်တဲ့အတွက် မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပြုကြောင်း ပျဉ်မနားရဲစခန်းက ပြောခဲ့တယ်လို့ ကိုအောင်နိုင်စိုးရဲ့ မိတ်ဆွေဖြစ်သူ ကိုရဲထူးက ဘီဘီစီကို ပြောပါတယ်။

ကိုအောင်နိုင်စိုးရဲ့ ရန်ကုန်မြို့က အိမ်ကိုလည်း အဖမ်းခံရတဲ့နေ့ညမှာပဲ အာဏာပိုင်တွေက ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

TRT သတင်းဌာန နိုင်ငံတကာအပိုင်း ကတော့ သူတို့ရဲ့ သတင်းထောက် နှစ်ယောက် လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းနေပြီး နှစ်ယောက်စလုံးဟာ သတင်းထောက် ဗီဇာနဲ့လာတာ ဖြစ်တယ်လို့ TRT သတင်းဌာန ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

TRT သတင်းထောက်တွေဟာ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် လွှတ်တော် အမတ် ဒေါက်တာအေးမောင်နဲ့ တွေ့ဆုံဖို့ ရောက်ရှိနေတာ ဖြစ်ပြီး ဒီအစီအစဉ်ပျက်သွားတဲ့အတွက် လွှတ်တော်နဲ့တကွ တခြားအဆောက်အဦးတွေကို ရိုက်ကူးနေတာ ဖြစ်ကြောင်း ကိုအောင်နိုင်စိုးက ထွက်ဆိုခဲ့တယ်လို့ ဇမ္ဗူသီရိရဲစခန်းက ပြောဆိုထားပါတယ်။

လောလောဆယ်မှာ နေပြည်တော်မှာရှိတဲ့ အစိုးရ အဆောက်အအုံတွေကို ကောင်းကင်ကနေ ဒရုန်း အဝေးထိန်းယာဉ်ပျံနဲ့ ရုပ်သံ ရိုက်ကူးခွင့် ပြုထားတာမရှိပဲ ဒီလိုရိုက်ကူးမယ်ဆိုရင် ကြိုတင်ခွင့်ပြုချက် တောင်းဖို့လိုမယ်လို့ သိရပါတယ်။