အခွန်စနစ်ကြောင့် အိမ်ခြံမြေ ဈေးကွက်အေးလို့ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters
ပွင့်လင်းရာသီရောက်နေပြီ ဖြစ်ပေမယ့် ရန်ကုန်မြို့နဲ့ နယ်တချို့မှာ အိမ်ခြံမြေ ဈေးကွက်တွေက အတော်လေး အရောင်းအဝယ်အေးနေပြီး မူလတန်ဖိုးထက် လျှော့ရောင်းနေတဲ့ အိမ်ခြံမြေတွေပဲ အရောင်း အဝယ် ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
အရောင်းအဝယ် အေးတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့လည်း သက်ဆိုင်တယ်လို့ အိမ်ခြံမြေ အကျိူးဆောင် အချို့ကသုံးသပ်ပြောဆိုကြပါတယ်။
အိမ်ခြံမြေအရောင်းအဝယ်တွေအေးစေရတဲ့ အကြောင်းအရင်းတွေထဲမှာ ငွေမည်းတွေ ထိန်းချုပ်ဖို့အတွက် အခွန်စည်းကြပ်လိုက်တာကလည်း အိမ်ခြံမြေဈေးကွက်ကို အခွန်စနစ်နဲ့ ဖိထားသလို ဖြစ်နေတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေအကျိုးဆောင်အသင်းက ဒုတိယဥက္ကဌ တဦးဖြစ်သူ ဦးသန်းဦးက ဘီဘီစီကို ပြောပါတယ်။
၁၉၂၂ခုနှစ်က ထုတ်ခဲ့တဲ့ ဝင်ငွေခွန် ဥပဒေမှာ စည်းကြပ်မှုက လွတ်ကင်းနေတဲ့ ဝင်ငွေ ဒါမှမဟုတ် ဝင်ငွေရလမ်း မဖော်ပြနိုင်သော ဝင်ငွေကို စည်းကြပ်တဲ့ ခေါင်းစဉ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ၁၉၇၆ခုနှစ် မှာတော့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေဆိုပြီး ခေါင်းစဉ်တပ်ကာ အခွန်စည်းကြပ်လာခဲ့တာပါ။
၂၀၁၆ခုနှစ်မှာတော့ ဝင်ငွေရလမ်း မဖော်ပြနိုင်တဲ့ ဝင်ငွေဆိုပြီး ခေါင်းစဉ် တပ်ကာ ၃၀ရာခိုင်နှုန်းထိကြီးကြပ်လာခဲ့တာဖြစ်ပါတယ်။
အကျိုးဆောင်တွေဘက်ကအခုလိုပြောပေမယ့် ဝင်ငွေရလမ်းဖော်ပြနိုင်တယ်ဆိုရင် အိမ်ခြံမြေ ဝယ်သူတွေဟာ တံဆိပ်ခေါင်းအခွန်သာ ပေးရတာဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဘီဘီစီကို ပြောပါတယ်။
တရားမဝင် ဝင်တယ်ဆိုတဲ့ ငွေတွေမှာ ပြည်ပကို သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကနေ မိသားစုကို ပြန်ပို့တဲ့ ငွေပမာဏဟာ တနှစ်မှာ အမေရိကန် ဒေါ်လာ ၅ သန်းအထက်မှာရှိတယ်လို့ ဦးသန်းဦးက ပြောပါတယ် ။
ဒီငွေတွေကို လည်း အများအားဖြင့် ဘဏ်တွေနဲ့ လွှဲတာနည်းတာပြီး ဟွန်ဒီ(တရားမဝင် ငွေလွှဲ) တွေနဲ့ လွှဲတာများတာကြောင့် ငွေမည်းလို့ မသတ်မှတ်သင့်ကြောင်းနဲ့ အဲဒီငွေတချို့ဟာ အိမ်ခြံမြေဈေးကွက်မှာလည်း လည်ပတ်နေနိုင်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်ပြောဆိုနေပါတယ်။








