ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လုံးခင်း ကျောက်စိမ်းမှော်မှာ ရဲက ပစ်လို့ ၅ ယောက်သေဆုံး
ကချင်ပြည်နယ် ဖားကန့်ဒေသ လုံးခင်းက ကျောက်စိမ်းမှော် တစ်ခုမှာ ရေမဆေးကျောက် ရှာသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့က ပစ်ခတ်လို့ ရေမဆေးကျောက် သမား ငါးယောက်ထက် မနည်းသေဆုံးသွား ပါတယ်။
နောက်ထပ် လူ ၂၀ လောက် ဒဏ်ရာ ရခဲ့ပြီး ရဲတပ်ဖွဲ့ ဘက်ကလည်း အနည်းငယ် ဒဏ်ရာရခဲ့ကြ ပါတယ်။
ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါရွာနားက ငိုးပင်း၊ ဖဝါမှော်မှာ ရှိတဲ့ တစ်သုံးလုံး ကုမ္ပဏီ လုပ်ကွက်မှာ အောက်တိုဘာ ၁၈ ည ၁ဝ နာရီ ဝန်းကျင်က ရေမဆေးကျောက် ရှာသူတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ကြားမှာ ပြဿနာတွေ ဖြစ်ခဲ့တာပါ။
ရေမဆေးကျောက် ရှာသူတွေကို ရဲတွေက တားဆီးရာမှာ သူတို့က ခဲတွေ တုတ်တွေနဲ့ ခုခံခဲ့ပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဖက်က သေနတ်နဲ့ ပစ်ခတ်ခဲ့ ပါတယ်။
ဒဏ်ရာရသူ တွေကို လုံးခင်း ဆေးရုံပို့ပြီး ကုသပေး နေကြောင်းနဲ့ အဲဒီထဲမှာ အသက် အန္တရာယ် စိုးရိမ်ရသူ ကိုးယောက် ရှိတယ်လို့ ဒေသခံ အလွတ်သတင်းထောက် ကိုဇော်မိုးထက်က ပြောပါတယ်။
ရေမဆေးကျောက် ရှာသူတွေကို ၁ဝနာရီ ကျော်မှ ခွင့်ပြုထားပေမဲ့ သူတို့က အချိန်စော ပြီး ဝင်ခဲ့ကြတဲ့ အတွက် ရဲက တားတာလို့ လုံးခင်း ဒေသခံ အရပ်ဖက် အဖွဲ့ဝင် ကိုနောင်လတ်က ပြောပါတယ်။
လူငယ်တစ်ယောက်က မှော်ထဲမှာ ရေမဆေးကျောက် ဝင်ရောက်ရှာဖွေရာမှာ ရဲ ၇ ယောက် လောက်က ခဲတွေနဲ့ စတင် ပေါက်ခဲ့ရာမှာ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ရခဲ့တဲ့ အတွက် အနီးအနားက ရေမဆေးကျောက်သမားတွေကို အော်ဟစ် အကူအညီတောင်းခံရာကနေ ထောင်နဲ့ချီ တဲ့ရေမဆေးကျောက် သမားတွေ ရောက်လာခဲ့ကြတယ်လို့ သူက ပြောပါတယ်။
ရေမဆေးကျောက်သမားတွေက မြေတူးစက်ကြီးတွေကို ခဲတွေနဲ့ပေါက် မီးရှို့တာတွေ လုပ်ခဲ့ ပြီးနောက်မှာ ရဲတွေက သေနတ်နဲ့ တရစပ် ပစ်ခဲ့တာဖြစ်တယ်လို့ လည်း ကိုနောင်လတ်က ပြောပါတယ်။
အခုလို ရေမဆေးကျောက် သမားတွေနဲ့ ရဲတွေကြား ပဋိပက္ခတွေက မကြာခဏ ဖြစ်လေ့ရှိတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်လာခဲ့ပါတယ်။
ရေမဆေးကျောက် သမားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တသမတ်တည်း ဆောင်ရွက်ပေးပြီး ကုမ္ပဏီတွေ ကိုလည်း ဥပဒေဘောင်အတွင်းက တိတိကျကျ လိုက်နာ ဆောင်ရွက်မှု ရှိမရှိ စိစစ် ဆောင်ရွက်မယ်ဆိုရင် အခုလို အလားတူ ဖြစ်ရပ်မျိုးတွေ နည်းပါး သွားနိုင်တယ်လို့ ဖားကန့်က ပြည်နယ် လွှတ်တော်အမတ် ဦးဒါရှီလဆိုင်းက ပြောပါတယ်။