ကာချုပ်ကို အီးယူနိုင်ငံတွေဆီလာဖို့ ဖိတ်ခေါ်တာမျိုး ဆိုင်းငံ့မယ်

ရခိုင်ပြည်နယ်အရေးမှာ မြန်မာ အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အား အလွန်အကျွံ မမျှမတ သုံးစွဲခဲ့တာကြောင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တခြား ထိပ်တန်း စစ်ဘက် အရာရှိ တွေ ကို ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေဆီ လာရောက်ဖို့ ဖိတ်ခေါ် တာမျိုးတွေကို ဆိုင်းငံ့ထားမယ် ဆိုပြီး ဥရောပ ကောင်စီက ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင်၊ အီးယူနဲ့ မြန်မာနိုင်ငံကြား ကာကွယ်ရေး ဆိုင်ရာ လက်တွေ့ ပူးပေါင်း ဆောင်ရွက်တာ မှန်သမျှကိုလည်း ပြန်လည် သုံးသပ်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အပေါ် လက်ရှိ ထားရှိလက်စ လက်နက် အပါအဝင် ပြည်တွင်း ဖိနှိပ်မှုတွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေ မတင်သွင်းရ ဆိုတဲ့ ကန့်သတ်မှုတွေ ဆက်ရှိ နေဦးမှာ ဖြစ်ကြောင်း အီးယူ အဖွဲ့က အတည်ပြု ပါတယ်။

ရခိုင်ပြည်နယ် အခြေအနေ တိုးတက်မှု ရှိမလာရင် နောက်ထပ် ကန့်သတ်မှုတွေ ချမှတ်မလား ဆိုတာကို ဥရောပ ကောင်စီက စဉ်းစား သုံးသပ်မှာဖြစ်သလို၊ တကယ်လို့ ရလဒ်ကောင်းတွေ ရှိလာရင်လည်း လိုက်လျောညီထွေ တုံ့ပြန်ဖို့ အသင့်ပဲလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲ လူ့အခွင့်အရေး အခြေအနေ အင်မတန် ဆိုးရွား နေလို့ အခုလို မြန်မာ စစ်တပ် အကြီးအကဲနဲ့ ထိပ်တန်း စစ်ဘက် ခေါင်းဆောင်တွေ အပေါ် အဓိကထား ရည်ရွယ်တဲ့ ကန့်သတ်မှုတွေ ချမှတ် ရတာ ဖြစ်တယ်လို့ ဥရောပ ကောင်စီက ပြောပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေ အများစု ဖြစ်တဲ့ လူပေါင်း ၅ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ရတဲ့ ဖြစ်ရပ်ကို ကြည့်ရင် အဲဒီ မျိုးနွယ်စု တိုင်းပြည်ကနေ ထွက်သွားအောင် ကြံရွယ်ချက် ရှိရှိ လုပ်ဆောင် နေတာကို အထင်းသား ညွှန်ပြနေတယ်လို့ ဥရောပကောင်ဆီက ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲက အကြမ်းဖက် ဖြစ်ရပ်တွေ အမြန်ဆုံး ရပ်တန့်ပါ ဆိုပြီးတော့လည်း ပါဝင်ပတ်သက် နေသူတွေ အားလုံးကို ဥရောပကောင်ဆီက တိုက်တွန်းပါတယ်။

အီးယူအဖွဲ့ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ဒုက္ခသည်တွေကို ကူညီရေးကို တိုးမြှင့် ဆောင်ရွက်မှာ ဖြစ်သလို၊ ရခိုင်ပြည်နယ်ထဲ ကူညီခွင့် ရတာနဲ့ တပြိုက်နက် အဲဒီမှာ ရှိနေတဲ့ လူတွေ အားလုံး အတွက်လည်း ထောက်ပံ့ ကူညီရေးတွေ တိုးမြှင့် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေး အဖွဲ့ကိုလည်း မြန်မာနိုင်ငံထဲ အမြန်ဆုံး ဝင်ရောက်ခွင့် ပေးပြီး အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ဖို့ မြန်မာ အစိုးရက ဥရောပကောင်စီက တောင်းဆိုပါတယ်။

နိုင်ငံတကာရဲ့ စောင့်ကြည့်မှု အပေါ် စိုးရွံ့မှု မရှိဘူးဆိုတဲ့ စက်တင်ဘာ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနဲ့တကွ လူ့အခွင့်အရေး ချိုးဖောက်သူ မှန်သမျှကို အရေးယူမယ် ဆိုတဲ့ ပြောစကားတွေ အပေါ် ကြိုဆိုကြောင်းလည်း ဥရောပကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

၂ဝ၁၇ နိုဝင်ဘာလ၊ နေပြည်တော်မှာ ကျင်းပဖို့ ရှိတဲ့ အာရှ- ဥရောပ ASEM နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကျရင် မြန်မာ အစိုးရနဲ့ကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။