လုံခြုံရေးကောင်စီကို အာနန် ရခိုင်အရေးတင်ပြ

ဓာတ်ပုံ ရင်းမြစ်, United Nation Youtube
အောက်တိုဘာလ ၁၃ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ အလွတ်သဘော တံခါးပိတ် ဆွေးနွေးမှုမှာ ရခိုင်ပြည်နယ် ရေးရာ အကြံပေး ကော်မရှင်ရဲ့ အစီအရင်ခံစာကို အလေးထား ရှင်းပြခဲ့တယ်လို့ ဒီကော်မရှင်ကို ဦးဆောင်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ လိုအပ်နေသူတွေ အတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ရဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြသူတွေ ဒုက္ခသည်တွေ သိက္ခာရှိရှိ မိမိဆန္ဒ အလျောက် ပြန်လာနိုင်ရေး ကို ကူညီဖို့ စတာတွေကို ရေတိုအနေနဲ့ လုပ်ဆောင် သွားဖို့ လိုကြောင်း လုံခြုံရေးကောင်စီဝင် တွေကြား သဘောတူခဲ့ကြတယ် လို့လည်း သူကပြောပါတယ်။
ဒီဒုက္ခသည်တွေ အနေနဲ့ လုံခြုံမှုရှိရှိနဲ့ အဆင်ပြေပြေ နေနိုင်မယ် ဆိုတဲ့ ယုံကြည်မှုတွေ ရှိမှသာ ပြန်ကြမှာ ဖြစ်ပြီး ဒုက္ခသည် စခန်းထဲ ထားဖို့ မသင့်ပဲ သူတို့ရဲ့ ရွာတွေကို ပြန်သွားခွင့်ရသင့်ကြောင်းနဲ့ သူတို့အတွက် ပြန်လည် ထူထောင်ရေး အကူအညီ ပေးသင့်တယ် ဆိုတာကိုလည်း အစီအရင်ခံစာ ထဲမှာ ဖော်ပြထားပါတယ်။
ရခိုင်အကြံပေး ကော်မရှင် အစီအရင်ခံစာကို အစိုးရ အပါအဝင် နိုင်ငံတကာ NGO အဖွဲ့အစည်း တွေကလည်း လက်ခံခဲ့ ကြတဲ့အတွက် မြန်မာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့က ရခိုင်အရေးမှာ အတူ ပူးတွဲ အကောင်အထည် ဖော် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံ အနေနဲ့လည်း ရခိုင်အရေးကို ဖြေရှင်းနိုင်မှ နိုင်ငံမှာ ရှိနေတဲ့ တခြား အဓိက ပြဿနာတွေကို အလေးထား ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
စစ်တပ်ပါဝင်နေတဲ့ အခန်းကဏ္ဍကြောင့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေ ပြောင်းလဲနိုင်ပါ့မလား ဆိုပြီး စာနယ်ဇင်းသမား တဦးက မေးမြန်းရာမှာတော့ နိုင်ငံတကာ ကလည်း စစ်တပ်ကို စပြီး ဖိအားပေးနေပြီး လုံခြုံရေး ရှင်းလင်းမှု ဆိုတဲ့ သူတို့ရဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့အတွက် စစ်တပ်အချင်းချင်း ပြောဆို ဆွေးနွေးနေ တာလည်း ရှိနေတယ်လို့ မစ္စတာ အာနန်က ဖြေကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ အနှစ် ငါးဆယ်လောက် အုပ်ချုပ်မှုကို ခံခဲ့ရပြီး အရပ်သား အစိုးရအဖြစ် ခက်ခက်ခဲခဲ ပြုပြုင် ပြောင်းလဲမှု လုပ်ထားတဲ့ မြန်မာအစိုးရရဲ့ အုပ်ချုပ်ရေးပုံစံက နှစ်မျိုး တွဲ တည်ရှိနေတဲ့အတွက် ကိုဖီအာနန်ရဲ့ ရခိုင်အရေး အစီအရင်ခံစာ အကြံပေးချက်တွေကို အကောင်အထည် ဖော်ရာမှာ စစ်တပ်နဲ့အစိုးရတို့ ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် နှစ်ဘက်စလုံးနဲ့ နိုင်ငံတကာက ပူးပေါင်း ဆောင်ရွက်ဖို့ လိုတာကိုလည်း အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ကိုဖီအာနန်က ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်တဲ့ စာနယ်ဇင်း သမားတွေရဲ့ မေးခွန်းကို ဖြေကြားရာမှာလည်း မြန်မာအစိုးရ အနေနဲ့ ဒုက္ခသည်တွေ သိက္ခာရှိရှိ၊ လုံခြုံမှု ရှိရှိနဲ့ ပြန်ခွင့်ရအောင် အခြေအနေတွေ ဖန်တီးပေးဖို့ အတွက် အိုးအိမ်တွေ ပြန်လည် ထူထောင်ပေးဖို့၊ ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်တွေ ရလာရေး အတွက် လုံခြုံရေး ကောင်စီဝင်တွေက မြန်မာ အစိုးရကို တိုက်တွန်းမယ်လို့ ကိုဖီအာနန်က မျှော်လင့် ထားကြောင်း ပြန်ဖြေခဲ့ပါတယ်။
ရခိုင်အရေးကိစ္စ ဖြေရှင်းရာမှာ မြန်မာအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့ ပူးပေါင်းပြီး ဘုံလမ်းပြ မြေပုံတရပ် ချမှတ် ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ ယူဆရကြောင်းကိုလည်း သူက ပြောပါတယ်။
ရခိုင်ရေးရာ အကြံပေးကော်မရှင်ရဲ့ အကြံပေးချက် တွေကို အခြေခံပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေတွေ တည်ငြိမ်အောင် ဆက်လုပ်ဖို့ လိုပြီး ဒီလိုမှ မဟုတ်ရင် ဆိုးဝါးတဲ့ ရေရှည် ပြဿနာကြီး ဖြစ်သွား နိုင်တယ်လို့ မစ္စတာ ကိုဖီအာနန်က သုံးသပ် ထားပါတယ်။








