ကုလသမဂ္ဂရဲ့ ရိုဟင်ဂျာ အစီရင်ခံစာ အပေါ် မေးမြန်းချက်

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ရုံးက မြန်မာပြည်ရခိုင်အရေးအခင်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ အသစ်တစောင်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာက မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေကို အပြီးအပိုင် အိမ်ပြန်မလာနိုင်တော့အောင် အကွက်ချစီစဉ်လုပ်ကိုင်နေတယ်လို့ စွပ်စွဲထားပါတယ်။ ဘာအထောက်အထားတွေရှိလို့ အခုလို စွပ်စွဲတာပါလဲ။

ဂျနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် အဲလစ်ဇဘက် သရောက်ဇယ်လ် Elizabeth Throssell ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ

အခုဒီအစီရင်ခံစာမှာ အဓိက တွေ့ရှိထားတဲ့အချက်တွေက ဘာတွေပါလဲ။

အဲလစ်ဇဘက်

အခုလောလောဆယ် ကော့ဆက်ဘဇားကို ရောက်လာတဲ့သူတွေဟာ ကြောက်လန့်တုန်လှုပ်နေကြတာကို တွေ့ရပါတယ်။ သူတို့ပြန်ပြောတာက လုံခြုံရေးတပ်ဖွဲ့တွေ သတ်ဖြတ်တာတွေကို သူတို့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ရွာသားတွေကို တိုက်ခိုက်တာတွေ အိမ်တွေကို မီးရှို့တာတွေကိုလည်း ကြုံခဲ့ရတယ်လို့ ပြောပါတယ်။ သူတို့ဟာ အိမ်ကနေ ထွက်ပြေးပြီး တောင်ပေါ်တက်ပြေးပုန်းအောင်းခဲ့ရတယ်။ သူတို့ထွက်ပြေးပြီးနောက်မှာ သူတို့အိမ်ဟာလည်း မီးရှို့ခံခဲ့ရတယ်လို့ ပြောပါတယ်။

သူတို့ပြောကြားခဲ့တာတွေကို အားလုံးစုပေါင်းလိုက်တဲ့အခါ လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားရှိခဲ့ကြောင်းတွေ့ရပါတယ်။

ဒီအစီရင်ခံစာမှာ အလေးအနက်ထားထောက်ပြတဲ့အချက်က အခုတိုက်ခိုက်မှုတွေဟာ သေသေချာချာ စုစည်းပြင်ဆင်ထားတာတွေဖြစ်တယ်။ တခုနဲ့တခုအချိတ်အဆက်ရှိတယ်။ စနစ်တကျ ပြင်ဆင်ထားတာတွေဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။

ဘီဘီစီ

အခုမစ္စ အဲလစ်ဇဘက် ပြောသွားတာက လုံခြုံရေးတပ်ဖွဲ့တွေလုပ်တယ်လို့ ဆိုပါတယ်။ အဲဒါ ဘယ်လိုလုပ်ပြီး သိတာပါလဲ။ ခင်ဗျားတို့ မေးမြန်းခဲ့တဲ့သူတွေက ဘယ်သူဘယ်ဝါကသတ်တယ်ဆိုတာမျိုးကို တိတိကျကျ နာမည်တပ်ပြောကြသလား။

အဲလစ်ဇဘက်

ကိုယ်တိုင်ခံရတဲ့လူတွေ မေးမြန်းခဲ့တဲ့ သက်သေတွေက အဲသလိုလုပ်ကြတာဟာ လုံခြုံရေးတပ်ဖွဲ့တွေလို့ ပြောပါတယ်။ ဒါပေမယ့် တချို့သက်သေတွေကတော့ လုံခြုံရေး တပ်ဖွဲ့တွေတွင်မကပဲ ဗုဒ္ဓဘာသာဝင်တွေကပါ ဓားတွေကိုင်ပြီး လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အတူပူးပေါင်းတိုက်ခိုက်တာမျိုးရှိတယ်လို့ ဆိုပါတယ်။

ဘီဘီစီ

ဗမာအစိုးရကတော့ ရိုဟင်ဂျာတွေဟာ သူတို့အိမ် သူတို့ မီးရှို့ပြီး ထွက်ပြေးကြတယ်လို့ ထပ်ကာထပ်ကာ ပြောပါတယ်။ အခုပြောဆိုချက်တွေနဲ့ဆိုရင် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။ အခုခင်ဗျားတို့ကို ပြောတဲ့လူတွေရဲ့ စကားအပေါ်မှာ ခင်ဗျားတို့ ဘယ်လောက်အထိ ယုံကြည်စိတ်ချလဲ။

အဲလစ်ဇဘက်

ကျမတို့လုပ်တဲ့ အစီရင်ခံစာက ဒီတခုတည်း မဟုတ်ပါဘူး။ တခြားအစီရင်ခံစာတွေကိုလည်း ကျမတို့ ထုတ်ပြန်ခဲ့ပါတယ်။ တခြားအထောက်အထားသက်သေတွေလည်း အများအပြားတွေ့ခဲ့ရပါတယ်။ အဲဒီအထောက်အထားတွေအရလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတာတွေ့ရပါတယ်။ နောက်ထပ်တခြားအဖွဲ့တဖွဲ့ကလည်း ထပ်ပြီး အချက်အလက်စုဆောင်းတဲ့ အလုပ်တွေ ဆက်လုပ်နေပါတယ်။

အခုမေးခွန်းတွေကို အမျိုးအစားမတူတဲ့ လူပေါင်း ၆၅ ယောက်ကို ရွေးချယ်ပြီး မေးမြန်းထားတာပါ။ အဲသလို မေးရာမှာ သူတို့ ဖြေဆိုကြတဲ့ အဖြေတွေဟာ တခုနဲ့ တခုကိုက်ညီနေပါတယ်။ ဒါ့အပြင် ဒဏ်ရာတွေနဲ့ ရောက်လာတဲ့လူတွေကိုလည်း ကျမတို့တွေ့ရပါတယ်။ ဒါတွေက ခိုင်မာတဲ့ သက်သေအထောက်အထားတွေပါ။

ဘီဘီစီ

အခုဒီအစီရင်ခံစာမှာ ဖော်ပြထားတဲ စွပ်စွဲချက်တွေက တော်တော်ပြင်းတာကို သတိထားမိပါတယ်။ ဒီလောက်ကြီးမားတဲ့ စွပ်စွဲချက်တွေကို ရိုဟင်ဂျာတွေတဖက်တည်းကိုပဲ မေးတာဟာ လုံလောက်တယ်လို့ ထင်လား။ ရခိုင်တွေကို မမေးဘဲ ရိုဟင်ဂျာတွေကို မေးရုံနဲ့ လုံလောက်ရဲ့လား။

အဲလစ်ဇဘက်

ရခိုင်တွေကို မမေးရခြင်း အကြောင်းက ကျမတို့ကို ရခိုင်ပြည်နယ်ထဲ ဝင်ခွင့် မပေးလို့ပါ။ လူ့အခွင့်အရေး မဟာမင်းကြီးရုံးအနေနဲ့ ရခိုင်ပြည်နယ်ထဲကို ဝင်ခွင့်ပေးဖို့ မြန်မာအစိုးရကို ထပ်ခါထပ်ခါ ခွင့်ပြုချက်တောင်းနေပါတယ်။ ကိုယ်တိုင်ကိုယ်ကျသွားပြီး ဖြစ်ပျက်နေတဲ့ အခြေအနေကို မျက်ဝါးထင်ထင် ကြည့်ချင်ပါတယ်။ ဟုတ်ပါတယ်။ အခုရိုဟင်ဂျာတွေကို မေးထားပါတယ်။ ရခိုင်ပြည်နယ်ထဲကို ဝင်ပြီး မတူညီတဲ့ တခြားသတင်းရင်းမြစ်တွေကိုလည်း မေးမြန်းစုံစမ်းချင်ပါတယ်။

ဘီဘီစီ

အခု ကုလသမဂ္ဂ ရခိုင်အရေးမှာ မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်တယ်၊ လူသတ်တယ်၊ မုဒိန်းကျင့်တယ်လို့ စွပ်စွဲထားပါတယ်။ ရိုဟင်ဂျာတွေ အိမ်ပြန်လာရေးကိုလည်း တိုက်တွန်းထားပါတယ်။ ဒါပေမယ့် မြန်မာအစိုးရနဲ့ အစိုးရစစ်တပ်တို့က ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရမှာကို လိုလားပုံမပြပါဘူး။ အဲဒီတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအနေနဲ့ ဘာဆက်လုပ်မလဲ။

အဲလစ်ဇဘက်

ဒီမေးခွန်းရဲ့ အဖြေက တော်တော်ကျယ်ပြန့်ပါတယ်။ ဒါကို ဖြေဆိုဖို့က ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးတခုတည်းနဲ့သာ သက်ဆိုင်တာမဟုတ်ပါဘူး။ ကုလသမဂ္ဂ တခုလုံး အပြင် နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးနဲ့ပါ သက်ဆိုင်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အခုရိုဟင်ဂျာတွေ ထွက်ပြေးနေတဲ့ ဖြစ်ရပ်ဟာ မြန်မာတခုတည်းသာမက ဒေသတွင်း တခြားနိုင်ငံတွေကိုပါ ထိခိုက်ပတ်သက်လာလို့ပါ။ ကျမတို့ လူ့အခွင့်အရေး မဟာမင်းကြီးရုံးအနေနဲ့ ပြောရမယ် ဆိုရင် နံပါတ် တစ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်ပါ။ နံပါတ်နှစ် ရိုဟင်ဂျာတွေကို အိမ်ပြန်ခွင့်ပေးပါ။ သူတို့အတွက် အခြေခံလူ့အခွင့်အရေးတွေပေးပါ။ စီးပွားရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးတွေပေးပါ။ ဥပမာ နိုင်ငံသားဖြစ်ခွင့်ပေးရေးလိုဟာမျိုးဟာ သိပ်အရေးကြီးပါတယ်။

ဘီဘီစီ

အခုကုလသမဂ္ဂက ရိုဟင်ဂျာတွေ အိမ်ပြန်လာခွင့် ပေးဖို့ ပြောပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေကိုယ်တိုင်က မပြန်ရဲဘူးဆိုရင်ရော ဘယ့်နှယ်လုပ်မလဲ။

အဲလစ်ဇဘက်

ဒါ့ကြောင့် ရိုဟင်ဂျာတွေ အနေနဲ့ စိတ်ချလက်ချ အိမ်ပြန်ရဲ့လောက်တဲ့ အခြေအနေ တရပ်ဖန်တီးပေးဖို့ဟာ သိပ်အရေးကြီးပါတယ်လို့ ကျမတို့ ပြောနေတာပါ။ သူတို့ဟာ လုံခြုံစိတ်ချစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ နှိမ်ချဆက်ဆံခံရခြင်းကင်းဝေးစွာ အိမ်ပြန်နိုင်ပြီး မြန်မာနိုင်ငံမှာ အခြေချနေထိုင်ခွင့်ရဖို့လိုပါတယ်။