အသုံးမပြုတဲ့ အစိုးရပိုင် မြေတွေ ပြန်သိမ်းနိုင်ရေး ကြိုးပမ်း

ပုဂ္ဂလိက လုပ်ငန်းရှင်တွေက လုပ်ငန်းလည်ပတ်မှု မရှိဘဲ နည်းမျိုးစုံနဲ့ ရယူထားတဲ့ အစိုးရပိုင် အဆောက်အအုံနဲ့ မြေတွေကို နိုင်ငံပိုင် အဖြစ် ပြန်လည် သိမ်းယူဖို့ ရန်ကုန်တိုင်း လွှတ်တော် အမတ်တွေက ရန်ကုန်တိုင်း လွှတ်တော်မှာ အောက်တိုဘာ ၃ ရက်နေ့က အဆို တင်သွင်းခဲ့ပါတယ်။

အဲဒီအဆိုကို ဆွေးနွေးဖို့ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက အတည်ပြုလိုက်ပါတယ်။

အရင်အစိုးရခေတ်အဆက်ဆက်က ရယူထားပြီး လည်ပတ်မှုမရှိတဲ့ စက်မှုဇုံ၊ အစိုးရ ဋ္ဌာနဆိုင်ရာ အဆောက်အအုံ တွေကို နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းဆည်းဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရကို မင်္ဂလာတောင်ညွှန့် မြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက အဆို တင်သွင်း ခဲ့တာဖြစ်ပါတယ်။

စာရင်းအတိအကျ မရှိသေးပေမယ့် လည်ပတ်မှုမရှိတဲ့ မြေကွက်နဲ့ အဆောက်အအုံ တွေဟာ ရန်ကုန်တိုင်းမှာ အရေအတွက် ၃၀၀ လောက်ရှိမယ်လို့ သူက ခန့်မှန်းပါတယ်။

အဲဒီ နေရာတွေမှာ စီးပွားရေး လုပ်ငန်းတွေ၊ အဆောက်အအုံတွေ တည်ဆောက်မယ်ဆိုရင် နိုင်ငံသားတွေ အတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ ရလာနိုင်မှာ ဖြစ်သလို နိုင်ငံရဲ့ စီးပွားရေးလည်း ဖွံ့ဖြိုး တိုးတက်လာနိုင်မယ်လို့ ဦးလှဌေးက ပြောပါတယ်။

နိုင်ငံပိုင် အဆောက်အအုံနဲ့ မြေကွက်တွေကို စီးပွားရေး လုပ်ငန်းရှင်တွေက ခေတ်အဆက်ဆက် အစိုးရတွေနဲ့ ပေါင်းပြီး ဈေးပေါပေါနဲ့ ရယူခဲ့တယ်လို့ဆိုပါတယ်။

အဲဒီ အဆောက်အုံ တွေကို အသုံးမပြုရင် အစိုးရက ပြန်လည် သိမ်းယူပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု အပါအဝင် နိုင်ငံသားတွေ အကျိုးရှိမယ့် စီးပွားရေးလုပ်ငန်းတွေ အတွက် အသုံးပြုဖို့ လိုတယ်လို့ ဦးလှဌေးက ပြောပါတယ်။

သူ့ အဆိုကို လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ ရန်ကုန်တိုင်း လွှတ်တော်မှာ ဆွေးနွေး ကြမှာဖြစ်ပါတယ်။

ဆွေးနွေးဖို့ စာရင်းပေး ထားတဲ့ ကိုယ်စားလှယ်တွေက စိတ်အား ထက်သန်မှု ရှိတဲ့ အတွက် ဒီအဆိုဟာ မှတ်တမ်းတင်ရုံလောက် အဆင့်သာ မဟုတ်ဘဲ အတည်ပြုနိုင်တဲ့ အထိ ဖြစ်လာဖို့ လည်း ဦးလှဌေးက မျှော်လင့် နေပါတယ်။

သမ္မဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပုဂ္ဂလိကလုပ်ငန်းရှင် တွေကို နိုင်ငံပိုင် မြေကွက် အတော်များများ ရောင်းချပေးခဲ့ တာတွေ ရှိတယ်လို့ သိရပါတယ်။

လုပ်ငန်းရှင်တွေ ရယူထားတဲ့ မြေကွက် တချို့ဟာ အလွတ် ဖြစ်နေပြီး ဘယ်သူပိုင်တယ် ဆိုတာတောင် မသိဘဲ ဖြစ်နေတယ်လို့ ဦးလှဌေးက ပြောပါတယ်။

ရယူထားတဲ့ မြေတချို့ကို ဈေးကြီးကြီးနဲ့ အဆင့်ဆင့် ရောင်းချနေတဲ့အတွက် မြေဈေးတွေ အဆမတန် မြင့်တယ်စေတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။