ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟိန္ဒူဘာသာဝင် သေဆုံးခဲ့တဲ့ ရဲဘော်ကျမှာ ဆက်လက်ရှာဖွေ
ရခိုင် ပြည်နယ် ခမောင်းဆိပ် ကျေးရွာ အုပ်စု ရဲဘော်ကျ ရွာမှာ ဟိန္ဒူ ဘာသာဝင် ၄၅ ယောက်ရဲ့ အလောင်း တွေကို ရှာဖွေ တွေ့ရှိ ခဲ့ရပြီးနောက်မှာ အဲဒီ အနီးပတ်ဝန်းကျင် ကို ရှာဖွေ မှု တွေ ဆက်လုပ် နေပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း သေဆုံးခဲ့တဲ့ ဟိန္ဒူဘာသာဝင် (၉၃) ဦး ရှိတယ်ဆိုတဲ့ တိုင်ကြားချက်တွေကို လက်ခံရထားပြီး ကျန်တဲ့ အလောင်းတွေ ဆက်ရှာနေတယ်လို့ နယ်ခြားစောင့်တပ်ဖွဲ့ တပ်မှူး ရဲမှူးချုပ် သူရစန်းလွင် ကပြောပါတယ်။
လွန်ခဲ့တဲ့ ရက်တွေ အတွင်း က မောင်တောကို ထွက်ပြေးလွတ်မြောက်လာတဲ့ ဟိန္ဒူ အမျိုးသမီး နှစ်ယောက် ရဲ့ ပြောပြ ချက်တွေ၊ ARSA အဖွဲ့က ဘင်္ဂလားဒေ့ရှ် ဘက် ကို ခေါ်ဆောင် သွားတဲ့ ဟိန္ဒူ အမျိုးသမီး ခြောက်ယောက် နဲ့ ကလေး တချို့ ရဲ့ ပြောကြား ချက် အရ အခုလို အလောင်းတွေကို ရှာဖွေ တွေ့ရှိ ခဲ့ရတာပါ။
ဒါ့ အပြင် ဟိန္ဒူဘာသာဝင် တွေရဲ့ အလောင်း တွေ ကိစ္စ သက်ဆိုင်ရာ ဆီ အကြောင်းကြားခဲ့သူ တွေဟာလည်း ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေပြီး သူ့ရဲ့ လုံခြုံရေး အခြေအနေ ကိုတော့ ဘင်္ဂလားဒေ့ရှ် က တာဝန် ယူရမှာ ဖြစ်တယ်လို့ မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့မှူး ရဲမှူးချုပ် သူရ စန်းလွင် က ပြောပါတယ်။
အခုလောလောဆယ်မှာ ဒီ အလောင်းတွေ ကိစ္စ ကို အကြောင်းကြားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ဘက်မှာ ရောက်နေတဲ့ ဟိန္ဒူ တွေကို မြန်မာ ဘက် ကို ပြန်လွှဲ ပြောင်းပေးရေး အတွက် နယ်ခြားစောင့် တပ်အချင်းချင်း၊ အစိုးရ အချင်းချင်း ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ အကြောင်းကြားတယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ ရခိုင် ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲ ချက် တွေကို စုံစမ်း စစ်ဆေးဖို့ မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် က အဖွဲ့ ဝင်တွေဟာ မောင်တော ဒေသ ကို ရောက်ရှိနေပါတယ်။
ဟိန္ဒူ တွေကို တခြား ဘာသာ ကူးပြောင်းခိုင်းတဲ့ ကိစ္စ တွေ၊ ရွာလုံးကျွတ် သတ်ဖြတ် မှုတွေကို လုပ်ဆောင်နေတာက ARSA အကြမ်းဖက် သမား တွေရဲ့ လက်ချက် ဖြစ်တယ်လို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် ဘက် ကို ထွက်ပြေး သွားခဲ့ကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေက တော့ လုံခြုံရေး တပ်ဖွဲ့တွေက အဓ္မမပြုကျင့်မှုတွေ ကို လုပ်ဆောင်နေတယ်လို့ စွပ်စွဲ ပြောကြား ထားပါတယ်။
ဒီကိစ္စတွေကိုလည်း စုံစမ်း မေးမြန်းမှုတွေ လုပ်နေပြီး အခု အချိန်အထိ သူတို့ စစ်ဆေး မေးမြန်း ထားခဲ့ရသမျှ လူတွေ ကတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်ဘူးဆိုတဲ့ အကြောင်း သက်သေခံ ပြောကြား ထားတယ်လို့ ဦးယုလွင်အောင်က ပြောပါတယ်။
ဒါ့အပြင် ရဲဘော်ကျ ရွာမှာ သတ်ဖြတ်မှုတွေ လုပ်ခဲ့တဲ့ လူတွေရဲ့ နာမည် စာရင်း ကို ရရှိထားပြီလို့ သူက ပြောကြား သွားခဲ့ပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့မှာ တပ်မတော် က စီစဉ် ပေးမှု နဲ့ ပြည်တွင်း ပြည်ပ သတင်းဌာန တွေဟာ အဲဒီ့ ဒေသကို သတင်းသွားယူခွင့် ရခဲ့ပါတယ်။