ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖားကန့်မြို့နယ် ကွမ်စိုင်ယန် တရွာလုံး တိမ်းရှောင်
ကချင်ပြည်နယ် ဖားကန့် မြို့နယ် တွင်းက ကွမ်စိုင်ယန် ရွာမှာ အစိုးရ တပ်ဘက်က လက်နက်ကြီး ကျတာကြောင့် ရွာလုံး ကျွတ် ထွက်ပြေး တိမ်းရှောင် နေရပါတယ်။
တနင်္ဂနွေနေ့ ညနေက ရွာအရှေ့ အနောက်နဲ့ အလယ်ကို လက်နက်ကြီး ကျည်ဆန် ကျတာကြောင့် ရွာသား တွေဟာ အနီး အနားက လဝါးရွာ ကို ပြေးရှောင် နေရတယ်လို့ ထွက်ပြေး တိမ်းရှောင်လာသူ ရွာသား တဦးက ပြောပါတယ်။
ထွက်ပြေး သူတွေထဲမှာ အသက်ကြီးသူ တချို့တော့ ရွာမှာ ကျန်ရှိ နေပြီး ရွာတရွာလုံး လိုလို ထွက်ပြေး ခဲ့တာ ဖြစ်ပါ တယ်။
လက်ရှိ ပြေးလာ သူတွေကို ကေဘီစီ (ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်)နဲ့ အာစီ ဘုရားကျောင်း တွေမှာ ယာယီ ခိုလှုံ ခွင့်ပေးထားပြီး၊ တချို့ ကတော့ အမျိုးတွေ ရှိတဲ့ လဝါးရွာမှာ တည်းခို နေထိုင် နေကြပါတယ်။
ကွမ်ဆိုင်ယန် ရွာဟာ အိမ်ခြေ တရာနှစ်ဆယ် ရှိပြီး ထွက်ပြေး လူဦးရေ ခန့်မှန်း လေးရာခန့် ရှိတယ်လို့ ကွမ်ဆိုင်ယန် ကေဘီစီ အသင်းတော်က သင်းအုပ် ဆရာ ဆရာမဂျီဂမ်က ပြောပြ ပါတယ်။
ဒီလိုဖြစ်နေတာ သုံးကြိမ်ရှိပြီ ဖြစ်ပေမဲ့ ရွာသား တွေက ကေအိုင်အို တပ်တွေ လာတာကို တပ်ကို မပြောတာကြောင့် ဒီလို တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်တာလို့ သူက ပြောပါတယ်။
မြန်မာ နိုင်ငံမှာ ရခိုင် အရေးကို လူအများစု စိတ်ဝင်စား နေချိန်မှာပဲ ကချင်ပြည်နယ် တွင်းမှာ မကြာ ခဏ ဆိုသလို အစိုးရ တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တို့ရဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေ ကြပါတယ်။