ရခိုင်ပဋိပက္ခ ငြိမ်းချမ်းရေး ထိခိုက်

ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွား ခဲ့တဲ့ ပြဿနာတွေနဲ့ အဲဒီရဲ့ နောက် ဆက်တွဲ ပြသာနာတွေ ကြောင့် အစိုးရ ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက် မူတွေ ရှိလာ နေပါပြီလို့ လေ့လာသူတွေ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

အစိုးရ အဖွဲ့ အနေနဲ့ စက်တင်ဘာ လထဲမှာ UNFC ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကိုယ်စားလှယ် အဖွဲ့DPN နဲ့ NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့ တွေနဲ့ တွေ့ဖို့ စီစဉ်ထား သလို NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ တွေနဲ့လည်း တွေ့ဖို့ စီစဉ်ထား တာပါ။

ဒါပေမယ့်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်း ပြသဿနာတွေ ဖြစ်ပွား ခဲ့တဲ့ အတွက် အဲဒီ တွေ့ဆုံမှုတွေ မလုပ် နိုင် တော့ ဘူးလို့ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို အစဉ် တစိုက် လေ့လာ နေတဲ့ ဦးမောင်မောင်စိုးက ပြောပါ တယ်။

အခုလို ဖြစ်သွားရတာ ဟာလည်း ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ကျန်းမာရေး မကောင်း ဖြစ်သွား တာရယ် ရခိုင်အရေး ဖြစ်သွားတဲ့ အတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေနဲ့ ငြိမ်းချမ်းရေး ထက် ရခိုင် အရေးကို ပို အားစိုက် နေရ တာရယ်၊ အဲဒီလို အခြေ အနေမှာ အစိုးရ တပ်မတော်နဲ့ တိုင်းရင်းသား တွေကြား မှာ ညှိပေးမယ့် ခေါင်းဆောင် ကောင်း မရှိတာရယ် ကြောင့် ဖြစ်တယ်လို့လည်း တိုင်းရင်းသား ခေါင်းဆောင် အချို့က ပြောပါတယ်။

NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့တွေ အနေနဲ့တော့ NCA အတိုင်း ဆက်သွားမယ် ဆိုတဲ့ မူ ရှိတဲ့ အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြန့်ကြာ မှု ရှိပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြန်လည် စတင် နိုင်ဖို့တော့ ကြိုးစား ဆောင်ရွက် နေတယ် လို့ KNU ရဲ့ ဒုတိယ ဥက္ကဋ္ဌ ဖဒိုစော ကွယ်ထူးဝင်း ကပြောပါတယ်။

အချို့သော တိုင်းရင်းသား ခေါင်းဆောင်တွေ ကတော့ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ် ထားတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ အစည်း အဝေး မဖြစ်တော့ဘူးလို့ ဆိုပါတယ်။

သို့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ပြသာနာ ဖြစ်ပွား ပြီးတဲ့ နောက်မှာတော့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေနဲ့ အစိုးရ ကြား တိုက်ပွဲ ဖြစ်ပွားမှု ကတော့ လျော့နည်း သွားတယ် လို့ လေ့လာ သူတွေက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက အစိုးရကို ဝေဖန်နေတဲ့ အပေါ်မှာ တော့ တိုင်းရင်းသားတွေ အနေနဲ့ အစိုးရဘက်က ရပ်တည် ရမယ် ဆိုတဲ့ အသံတွေကိုလည်း တိုင်းရင်းသား ခေါင်းဆောင် တွေထံက ကြားလာရပါတယ်။