INGO ဝန်ထမ်းတွေ တိုက်ခိုက်မှုမှာပါလို့ ပြည်နယ်အစိုးရဆို

မကြာခင်က ဖြစ်ပွားတဲ့ ရခိုင် မြောက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ အတွင်း နိုင်ငံတကာ အန်ဂျီအို ဝန်ထမ်း တချို့ ကိုယ်တိုင် ပါဝင် တိုက်ခိုက်တာတွေ ရှိတယ် လို့ ရခိုင် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦး တင်မောင်ဆွေက ဘီဘီစီကို ပြောကြား ပါတယ်။

နေ့ခင်းမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှု တချို့မှာ အိုင်အန်ဂျီအို ဝန်ထမ်း အနည်းဆုံး ၇ ယောက် ခန့် ပါတာ တွေ့ရပြီး သူတို့ကို စုံစမ်း ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

ဒီဝန်ထမ်းတွေဟာ နိုင်ငံခြားက လာတဲ့ အိုင်အန်ဂျီအို ဝန်ထမ်းတွေ မဟုတ်ဘဲ ဒေသခံ ဝန်ထမ်းတွေလို့ ဆိုပါတယ်။ ဒီလူတွေက ဒုက္ခသည် တွေကို ကူညီပေးနေတဲ့ သူတွေ ဖြစ်ပြီး ဘယ်အဖွဲ့က ဆိုတာ လောလောဆယ် မပြောသေးဘဲ စစ်ဆေးနေတယ်လို့ ပြောပါတယ်။

ဒီလူတွေ ပါဝင်တာကို ဒေသခံ ပြည်သူတွေက မှတ်မိ တိုင်ကြားတာ လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဩဂုတ်လ ၂၅ ရက် ကစပြီး ARSA အကြမ်း သမားတွေရဲ့ တိုက်ခိုက် မှုတွေမှာ INGO ဝန်ထမ်းတွေ ပါဝင် နေတယ်လို့ အစိုးရက စွပ်စွဲ လိုက်ပြီး ဒီလို ပါဝင်တဲ့ သူတွေကို ဥပဒေနဲ့ အညီ အရေး ယူမယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောကြားထား ပါတယ်။