ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မောင်တောမှာ ဟိန္ဒူဘာသာဝင်တချို့ သတ်ဖြတ်ခံရ
သြဂုတ်လ ၂၅ရက်နေ့က ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အာရကန် ရိုဟင်ဂျာ ဆယ်လဗေးရှင်းအာမီ ARSA ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း အခုရက်ပိုင်းအတွင်း အကြမ်းဖက်သမားတွေက မောင်တောမြို့နယ် မြောက်ပိုင်း ခမောင်းဆိပ်ရွာမှာရှိတဲ့ ဟိန္ဒူ ဘာသာဝင် တွေကို သတ်ဖြတ်ခဲ့တာတွေ ရှိသလို အမျိုးသမီး ၆ ယောက်လည်း ပြန်ပေးဆွဲပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ခေါ်သွားတယ်လို့ မောင်တောက ဟိန္ဒူ ဘာသာဝင် ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
အဲဒီ အမျိုးသမီး ၆ ဦးကို ဘင်္ဂလားဒေ့ရှ်ဘက်မှာရှိတဲ့ သူတို့ရဲ့ ဆရာတော်က ဘင်္ဂလားဒေ့ရှ်ရဲအကူအညီနဲ့ ကယ်ဆယ်စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
ခမောင်းဆိပ်မှာ အသတ်ခံရတဲ့ ဟိန္ဒူ ဘာသာဝင်တွေ ဘယ်လောက်ရှိတယ်ဆိုတာကို အသေအချာမသိရပေမယ့် မောင်တောမြို့ပေါ်မှာ အသတ်ခံရသူ ၆ဦးရှိတယ်လို့ ပြောပါတယ်။
နယ်မြေ ၆ ဇာဖညာကျေးရွာမှာလည်း ဟိန္ဒူ ဘာသာဝင် အဖေနဲ့သမီးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရကြောင်း ၊ မောင်တောမှာ လာခိုလှုံနေတဲ့ ဟိန္ဒူ ဘာသာဝင် ၃၀၀၀ လောက်ရှိပြီး ဘူးသီးတောင်မှာ ၂၀၀ လောက်ရှိကြောင်း ဦးဇော်မင်းထွန်းက ပြောပါတယ်။
မောင်တောမြို့နယ် မြောက်ပိုင်းက ဘင်္ဂလာဒေ့ရှ်နဲ့ ကပ်ရပ်တည်ရှိတဲ့ ဗန္ဓုလရွာ နယ်မြေတတဝိုက်မှာလည်း နယ်ခြားစောင့်တပ်တွေ ရှိနေပေမယ့် ထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီတွေ အကြမ်းဖက်သူတွေနဲ့ ပူးပေါင်းသွားတယ်ဆိုတဲ့ သတင်းကြောင့် လာရောက်တိုက်ခိုက်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပြာပါတယ်။
မောင်တောမြို့နယ် နယ်ခြားစောင့် ကွပ်ကဲမှု ရဲဌာနချုပ် ဒုတိယ ရဲမှူးကြီး စိုးမြင့်ဦးကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ထိတ်လန့် ကြောက်ရွံ့ပြီး ထွက်ပြေးကြပြီး တောတောင်တွေထဲမှာ ပိတ်မိနေတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ ခုံတိုင်း မြိုနဲ့ တခြား ဒေသခံ တိုင်းရင်းသားတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။
သူတို့ကို ကယ်တင်နိုင်ဖို့ ချိတ်ဆက်ပြီး ကြိုးပမ်းနေတယ်လို့လည်း သူကပြောပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေ စဖြစ်ပြီးကတည်းက သြဂုတ်လ ၃၀ ရက်နေ့အထိ လုံခြုံရေး တပ်ဖွဲ့တွေ၊ ကင်းစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်သူတွေက လက်လုပ်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်တာ ရန်ပြုတာတွေ ရှိခဲ့တယ်လို့လည်း ဒုတိယ ရဲမှူးကြီး စိုးမြင့်ဦးက ပြောပါတယ်။