ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နမ္မတီးမှာ တိုက်ပွဲကြောင့် အရပ်သား ၃ ဦးထက်မနည်း သေဆုံး
သြဂုတ်လ ၁၁ ရက် သောကြာနေ့ နံနက်ပိုင်းက ကချင်ပြည်နယ် နမ္မတီးဒေသမှာရှိတဲ့ ကဆုန့်ကျေးရွာမှာ ကချင် လွတ်လပ်ရေးတပ်မတော် KIA နဲ့ အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သား ၃ ဦး သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံ မျက်မြင် သက်သေတဦးက ဘီဘီစီကို ပြောပါတယ်။
KIA ရဲ့ တပ်ရင်း ၁၁ နဲ့ အစိုးရတပ်မတော်တို့ အခုလို တိုက်ပွဲဖြစ်ခဲ့ရာမှာ အရပ်သား ၂ ဦးကိုလည်း အစိုးရစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
အခုလို တိုက်ပွဲဖြစ်နေတဲ့အတွက် ထွက်ပြေးလာတဲ့ ရွာသား ၆၀ဝ လောက်ဟာ လမ်းဂွရွာက ခရစ်ယာန် ဘုရားကျောင်းမှာ ခိုလှုံနေရပြီး ရွာမှာတော့ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ကျန်ခဲ့တယ်လို့ ထွက်ပြေးလာတဲ့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။
အခုလို ထွက်ပြေးလာသူ ရွာသားတွေကို ကူညီပေးနေတဲ့ ကရင်နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ခလမ် ဆမ်ဆင်ကတော့ သူတို့ကို လူမှုကူညီရေး အထောက်အပံ့တွေ ပေးဖို့အတွက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒုက္ခသည်စခန်းဆောက်တာ၊ ထွက်ပြေးလာတဲ့အထဲမှာပါတဲ့ ကျောင်းသားတွေ ကျောင်းတက်နိုင်အောင် အကူအညီပေးတာတွေ လုပ်သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။
အခုလို ငြိမ်းချမ်းရေး တည်ဆောက်နေတဲ့ ကာလမှာ ဒီလို တိုက်ပွဲတွေဖြစ်တာဟာ အစိုးရပိုင်းကို ယုံကြည်မှု အားနည်းစေတယ်လို့လည်း သူကပြောပါတယ်။
အခုလို ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးလာသူတွေ ဆက်ရှိနေပြီး နောက်ထပ် သေဆုံး၊ ဒဏ်ရာရသူ စာရင်းကိုတော့ မသိရသေးပါဘူး။