ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယန်ဟီးလီ စစ်တွေနဲ့ ဘူးသီးတောင်သွား
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီအရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ စစ်တွေကို ရောက်ရှိလာပြီး ဘူးသီးတောင် အကျဉ်းထောင်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။
မစ္စယန်ဟီးလီဟာ ဗုဒ္ဓဟူးနေ့ မနက် ၉ နာရီခန့်မှာ ကျောက်ဖြူကနေ စစ်တွေကို ရောက်ရှိလာခဲ့ပါတယ်။
စစ်တွေလေဆိပ်မှာ ဒေသခံ ပြည်သူ ၂၀၀ ကျော်ခန့်က ပိုစတာတွေ ဆိုင်းဘုတ်တွေကို ကိုင်ပြီး မစ္စယန်ဟီးလီကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပုနဲ့ တွေ့ဆုံခဲ့ရာမှာ သူက ကျောက်ဖြူ အထူးစီးပွားရေးဇုန် လျော်ကြေး ကိစ္စတွေနဲ့ ပြန်လည် နေရာချထားရေး၊ မဒေးကျွန်း ရေနံတင် သင်္ဘောကြောင့် ငါးဖမ်းလုပ်ငန်း ထိခိုက်မှု ရှိမရှိ ကိစ္စတွေ မေးမြန်းခဲ့ကြောင်း ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြောပြပါတယ်။
နေ့လယ်ပိုင်းမှာတော့ စစ်တွေကနေ တဆင့် ဘူးသီးတောင်ကို စပိဘုတ်တွေနဲ့ ရောက်ရှိလာပြီး ဘူးသီးတောင် အကျဉ်းထောင်ကို သွားရောက်ကာ အကြမ်းဖက် ဖြစ်စဉ်တွေနဲ့ ဆက်စပ် ဖမ်းဆီးခံထားရတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဘူးသီးတောင်ထောင်မှာ မောင်တော အကြမ်းဖက်ဖြစ်စဉ်နဲ့ ဆက်စပ် ဖမ်းဆီးခံထားရတဲ့သူတွေ ရှိလားလို့ မေးတဲ့ အတွက် ရှိတယ်လို့ ပြန်ဖြေကြောင်း၊ ထောင်သားတွေအထဲက သူတွေ့ချင်သူ တချို့နဲ့ တွေ့ဆုံ မေးမြန်းသွားခဲ့တယ်လို့ ထောင်ပိုင်ကြီး ကပြောဆိုပါတယ်။
တွေ့ဆုံတာက သီးသန့် တွေ့ဆုံတာ ဖြစ်တဲ့အတွက် ဘာတွေကို မေးမြန်းတယ်ဆိုတာကို မသိဘူးလို့ ဆိုပါတယ်။
ဘူးသီးတောင်မြို့မှာလည်း မစ္စယန်ဟီးလီ ရောက်လာစဉ်မှာ ဒေသခံ ပြည်သူ ၃၀၀ ခန့်က ပိုစတာတွေ ဆိုင်းဘုတ်တွေကို ကိုင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
မစ္စယန်ဟီးလီနဲ့ အဖွဲ့ဟာ ဘူးသီးတောင်ကနေ မောင်တောကို သွားရောက်မှာ ဖြစ်ပြီး မနက်ဖြန်မှာ ရခိုင်နဲ့ မွတ်ဆလင်ကျေးရွာ အတော်များများကိုတော့ သွားရောက်မှာ ဖြစ်တယ်လို့ သိရှိရပါတယ် ။